ကသာမြို့နယ်၊ ချောင်းဝကနေ ထွက်ခွာလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ မတ်လ ၂၃ ရက်နေ့ မနက် ၆ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၅)နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့မှ မင်းကျောင်းကုန်းတွင် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက ရွှေကူကနေ ထွက်ခွာလာတဲ့ သင်္ဘောကို လုံခြုံရေးပေးဖို့ အင်အား ၅၀ ဖြင့် ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက် ခံလိုက်ရခြင်းဖြစ်ကာ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း သိရပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ကချင်ပြည်နယ်ဘက် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများဖြင့် လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေကာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင်လည်း စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုတွေလည်း ရှိခဲ့ပါသေးတယ်။
ယနေ့ မနက် ၄ နာရီခန့်တွင် ဘွမ်ရဲဘွမ်တွင် တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ၁၂၀-မမ လို့ထင်မှတ်ရတဲ့ လက်နက်ကြီး လိုင်ဇာမြို့ဘက် ၄ ကြိမ်တိုင်ပစ်ခတ်လိုက်ချိန် တရုတ်နိုင်ငံအခြမ်းဘက် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂၂ ရက်နေ့မနက် ၇ နာရီခန့်တွင် အင်အား ၁၀၀ ပါဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်က မန်လွယ်ရွာစောင်းဘက် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) မှ ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုအချိန်တွင် မိုင်းဖန်တပ်စခန်းကနေ လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ကူတာတွေ ပြုလုပ်ခဲ့ပါတယ်။