KIA တပ်မဟာ (၅) ဌာနချုပ်နယ်မြေရှိ ဆလော်ကုန်း (တာဝါတိုင်) အနီးတွင် KIA တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံတပ်များနဲ့ ဧပြီ ၂၇ ရက် ယနေ့မနက် ၆ နာရီအချိန်ခန့်ကစတင်ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဆလော်ကုန်းအနီးတွင် စစ်ကောင်စီတပ်ဘက်မှ မနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီအထိ ဂျက်တိုက်လေယာဉ်များဖြင့် (၈) ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ကာ စက်သေနတ်များဖြင့်လည်း လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ်။
ယမန်နေ့ ဧပြီ ၂၆ ရက်နေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ ညနေ ၇ နာရီအထိ ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်တွေ ဆလော်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ အမြောက်တပ်ဖြစ်တဲ့ အမတ (၃၆၆) တပ်ဘက်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကာ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်လည်း ၁၀ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကေအိုင်အေရဲ့ Chyin Yu တပ်စခန်းဘက်ကိုလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထို့ပြင် ယမန်နေ့မှာပင် စစ်ကောင်စီတပ် ခမရ (၄၃၈) မှ ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက်ကို ၁၀၅-မမ လက်နက်ကြီးဖြင့် ၄ ကြိမ်တိုက် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ယခုလို အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များအသုံးပြုကာ ၄ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပေမယ့် KIA တပ်များမှ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။