KIA တပ်နဲ့စစ်ကောင်စီတပ် အလော့ဘွမ်တွင်တိုက်ပွဲဖြစ်ပွား

ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃၀) ရှန်ထုန်ဘွမ်တဝိုက် ယနေ့မေလ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေရှိခဲ့သလို အလော့ဘွမ် တဝိုက်ဘက်ကိုလည်း မနက် ၇ နာရီကစတင်ပြီး လက်နက်ကြီးများဖြင့် မရပ်မနား တရစပ်ပစ်ခတ်ခဲ့ကာ မြို့သစ်ကျေးရွာ ကုန်းလောကျေးရွာဘက်တွင်လည်း စစ်အင်အားတိုးချဲ့မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အလော့ဘွမ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားဖို့ ရှိနေသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီမှ မြေပြင်ထိုးစစ်၊ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြင့် သုံးပတ်နီးပါးပြုလုပ်ခဲ့တဲ့ ဆလောင်းကုန်း (တာဝါတိုင်) စခန်းကိုတော့ မေလ ၇ ရက်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်များက တဖန်ပြန်လည်တိုက်ခိုက်လာတာကြောင့် ကေအိုင်အေဘက်မှ ယာယီဖယ်ရှားပေးခဲ့ရပါတယ်။

ဆွမ်ပရာဘွမ်နဲ့ မလိယန်ကျေးရွာကြားတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၁၃၇)နဲ့ ကေအိုင်အေ တပ်မဟာ (၁) အတွင်းရှိ တပ်ဖွဲ့နဲ့ ယနေ့တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။

ယမန်နေ့ မေလ ၈ ရက်နေ့တွင် ကေအိုင်အေ တပ်မဟာ (၂) နယ်မြေဘက် ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်ဆောင်လာတဲ့ စစ်ကောင်စီတပ်များကို မရန်ကထောင်နဲ့ မကော့်ဇွပ်ကြားတွင် ကေအိုင်အေဘက်မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်စွဲထားရာနေရာအသီးသီးဘက်ကို စစ်အင်အား လက်နက်အင်အားတိုးချဲ့မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နေ့စဉ်နေ့တိုင်း ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေတော့ ရှိနေအုံးမှာပဲဖြစ်ပါတယ်။

Leave a Reply

*