ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။
မန္တလေးလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံဘက် ဆေးဝါးကုသဖို့ သွားရောက်စဉ် ဒီဇင်ဘာ ၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ တရားစွဲဆိုသွားဖို့ ရှိနေကြောင်း KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ လဖိုင်ဇော်ရာမှ KBC ဖေ့စ်ဘုတ်ပေ့ကနေ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြောင်းမဲ့ ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးပြန်လည် လွတ်ပေးဖို့ KBC မှ ဒီဇင်ဘာ ၅ ရက်နေ့ညတွင် သဘောထား ထုတ်ပြန်လိုက်အပြီး ၆ ရက်နေ့တွင် ကချင်ပြည်နယ်ရဲ့ လုံနယ်မှ တွေ့ဆုံဖို့ အကြောင်းကြားလာကြောင်း သိရပါတယ်။
KBC အဖွဲ့ချုပ်မှ အဖွဲ့ဝင် ၄ ဦးနဲ့ လုံနယ်တို့ တွေ့ဆုံဆွေးနွေးစဉ် ဆရာတော်အနေဖြင့် ပြစ်မှုမြောက်တဲ့အရာများကို ကျူးလွန်ထားကြောင်း သင်တန်းပို့ချထားတဲ့ ဖိုင်များကို ဖော်ပြလာကာ တရားစွဲဆိုသွားဖို့ ရှိနေတယ်လို့ ပြောဆိုလာကြောင်း သိရပါတယ်။
ယခုလို လုံနယ်ဘက်မှ တရားစွဲဆိုဖို့ ပြောဆိုလာခြင်းကြောင့် KBC အနေဖြင့် ကော်မတီဖွဲ့ကာ ဆရာတော်လွတ်မြောက်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်သွားမှာဖြစ်ကြောင်း ရုပ်သံတွင် ပြောဆိုထားပါတယ်။
KBC ဥက္ကဋ္ဌဟောင်းလည်းဖြစ် ယခုတွင် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက် စစ်ကောင်စီမှ မည်သည့်နေရာတွင် ဖမ်းဆီးထားခြင်းကို မသိရှိရေးသေးကာ မိသားစုဝင်များနဲ့ တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယခုလို ဖမ်းဆီးခံထားတဲ့ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ American Baptist Churches USA, World Kachin Congress, ကချင်ရိုးရာယာဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်နဲ့ အခြားသောအဖွဲ့အစည်းများကလည်း ထုတ်ပြန်ကြေညာထားကြပါတယ်။
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် အတွင်းရေးမှုးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် KBC အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ရဲ့ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ကချင်လူထုကြား လူသိများ အရှိန်အဝါရှိသူတစ်ဦးလည်းဖြစ်ပါတယ်။