JHG နဲ့ လုံရှားယန်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ ကချင်လူမျိုးများရဲ့ သမိုင်းအထောက်အထားများကို ရှာဖွေလေ့လာ

ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) ရဲ့ သမိုင်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီနဲ့ ပူတာအိုခရိုင် လုံရှားယန်ဒေသရှိ ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး ကချင်လူမျိုးတွေရဲ့ သမိုင်းကြောင်း ဆင်းသက်လာရာနေရာများဆီကို အောက်တိုဘာ ၁၆ ရက်နေ့ကနေ ရှာဖွေလေ့လာမှုတွေကို လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ – JHG

ကချင်လူမျိုးတွေ ဆင်းသက်လာရာ သမိုင်းဝင်နေရာ ၁၁ နေရာကို လေ့လာသွားဖို့ရှိပြီး Ntawt Ja Ra Yang  နယ်မြေ Kitawt ဘွမ်မဂျွယ်အကြောင်း၊ မန်ရှန်ချောင်းနဲ့ ကျောက်နဂါးသမိုင်း၊ မလိခူးမဂျွယ်နဲ့ မဂျိုင်ခူးမဂျွယ်သမိုင်း၊ ခရိန်ဂွမ်းမဂျွယ်နဲ့ ဆင်းသက်လာတဲ့သမိုင်းအကြောင်းအရာ၊ မဒန်ရှဝါနန်ခန်းမတည်ဆောက်ထားတဲ့နေရာရှာဖွေခြင်း စတဲ့အကြောင်းအရာများအပြင် အခြားသော သမိုင်းအမွေအနှစ်ဆိုင်ရာများ သမိုင်းကြောင်းဆင်းသက်လာရာနေရာဒေသများကို ရှာဖွေဖော်ထုတ်သွားဖို့ ရှိနေပါတယ်။

“ကချင်လူမျိုးတွေအတွက် နံပါတ်တစ်အနေနဲ့ သမိုင်းကြောင်းက အင်မတန်အရေးကြီးတယ်၊ သမိုင်းပျောက်ရင် ရိုးရာယဉ်ကျေးမှုပျောက်ကွယ်မယ်၊ အဲ့ဒါပျောက်ကွယ်ရင် လူမျိုးပျောက်မယ် အဲ့ဒါကြောင့် ကမ္ဘာမှာ သမိုင်းကြောင်းခိုင်ခံ့ဖို့လိုအပ်တယ်၊ သမိုင်းအထောက်အထားတွေနဲ့ ပြသရတာကြောင့် သမိုင်းကြောင်းကို ခိုင်ခံ့အောင်လုပ်ဆောင်မှသာလျှင် ကျတော်တို့ရဲ့ ကံကြမ္မာ ကျတော်တို့ရဲ့ နယ်မြေကို ကျတော်တို့ကိုယ်တိုင် အုပ်ချုပ်စီမံပြီး ကံကြမ္မာကို တည်ဆောက်ပုံဖော်သွားနိုင်မှာဖြစ်တာကြောင့် သမိုင်းကြောင်းနဲ့ပြောဆိုရမယ့်အချိန်ဖြစ်နေပြီဖြစ်တာကြောင့် JHG ကနေပြီးတော့ ဒီအကြောင်းအရာကို ခိုင်ခံ့လာအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်” လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် ဥက္ကဌ ဒူဝါထိန်နန်ယော်ဆမ် ကပြောပါတယ်။

ရှာဖွေဖော်ထုတ်နိုင်ပြီဖြစ်တဲ့ သမိုင်းအထောက်အထားများကို စာအုပ်ထုတ်ဝေပြီး ကချင်လူမျိုးများကို ဖြန့်ဝေပေးသွားမှာဖြစ်ကာ နောင်လာနောင်သားတွေအားလုံး သိရှိနားလည်လာဖို့နဲ့ ကချင်ပြည်နယ်တွင်းနေထိုင်နေတဲ့ တိုင်းရင်းသားတွေအားလုံးအနေဖြင့် နယ်မြေမူလပိုင်ရှာက ကချင်လူမျိုးတွေဖြစ်တယ်ဆိုတာကို သိရှိစေဖို့  ရည်ရွယ်ပြီး သမိုင်းစာအုပ်ဖြစ်မြောက်လာအောင် ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပြီး ဒီသမိုင်းစာအုပ်ကို ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအဖြစ် သင်ကြားသွားနိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။

Leave a Reply

*