ICRC မှ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွက် ကိုဗစ်ကာကွယ်ရေးနဲ့ ဆေးဝါးများလှူဒါန်း

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နဲ့ နယ်စပ်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်းနှင်းရေးတွင် အသုံးပြုဖို့ ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများနဲ့ ဆေးဝါးများကို နိုင်ငံတကာကြက်ခြေနီ (ICRC) က စက်တင်ဘာ ၂၈ ရက်နေ့က မိုင်ဆပ်ပါကျန်းမာရေးစောင့်ကြည့်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံ အပ်နှံခဲ့ပါတယ်။

ကူညီပံ့ပိုးရေးအတွက် ICRC တာဝန်ရှိသူများ ကိုယ်တိုင်လာရောက် အပ်နှံ၊ ကြည့်ရှုချင်ပေမယ့် လက်တလောအခြေအနေအရ ပိတ်ပင်ထားမှုတွေ ရှိနေသေးတာကြောင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace Talk Creation Group (PCG)မှ ကိုယ်စားလာရောက်ပေးအပ်ခဲ့ပါတယ်။

“အခုချိန်က ကျန်းမာရေးစောင့်ကြည့်ခံ၊ ဆေးဝါးကုသမှုခံယူနေရတဲ့ ပြည်သူတွေအတွက် စိတ်အားငယ်စရာမလိုတော့ဘူး၊ ICRC အနေဖြင့် တက်နိုင်တဲ့အနေအထားကနေ ကိုဗစ်ကာကွယ်ရေးအတွက် ပါဝင်သွားဖို့ရှိတယ်၊ ဆေးဝါးကုသမှုအပိုင်းမှာ လိုအပ်ချက်တွေကိုလည်း ပြန်လည်ပြောကြားပေးဖို့ အမှာစကားပါးလိုက်ပါတယ်” လို့ ကူညီထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်တဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီဝင်များကလည်း ရောဂါကာကွယ်ရေးနဲ့ဆေးဝါးများကို ယခုလို ကူညီထောက်ပံ့ပေးတဲ့ ICRC ကိုကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုစာကိုလည်း ပေးအပ်ခဲ့ကာ PCG အဖွဲ့သားများကလည်း ပစ္စည်းများပေးအပ်အပြီး မြစ်ကြီးနားဘက် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ICRC အနေဖြင့် ၂၀၂၀ ခုနှစ်ကစတင်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသုံးပြုဖို့ ကာကွယ်ရေးပစ္စည်းများနဲ့ ဆေးဝါးများကို အကြိမ်ကြိမ်ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

*