ICRC မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့

ကေအိုင်အိုအစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးအဖွဲ့ကို International Committee of the Red Cross (ICRC) အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ထောက်ပံ့မှုကို ဇူလိုင် ၂၉ ရက်နေ့က ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ မိုင်ဆပ်ပါနေရာမှာ ပေးအပ်ခဲ့ကြပါတယ်။

ICRC အနေဖြင့် ကေအိုင်အိုထိန်းချုပ်နယ်မြေဘက် တိုက်ရိုက်ဝင်ရောက်ကူညီခြင်းမပြုလုပ်နိုင်တာကြောင့် Peace Talk Creation Group (PCG) အဖွဲ့မှတစ်ဆင့် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများနဲ့ ကျန်းမာရေးစောင့်ကြည့်ခံကြသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ကူညီခြင်းဖြစ်ပါတယ်။

PCG အဖွဲ့က ICRC ကိုယ်စား ကာကွယ်ရေးပစ္စည်းများ သွားရောက် ပေးပို့စဉ်တွင် မြန်မာတပ်မတော်ရဲ့ အဆင့်ဆင့် စစ်ဆေးမေးမြန်းမှုတွေ ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

“မနေ့ကတည်းက ကျတော်တို့ ပစ္စည်းထုပ်ပိုးပြင်ဆင်မှုတွေလုပ်ချိန်မှာ ဆန်၊ မိုးကာနဲ့ထီးတွေ ပါဝင်ထားပေမယ့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းမဟုတ်ဘူးဆိုပြီး ရပ်ခိုင်းလိုက်တယ်၊ လမ်းခရီးမှာလည်း အင်မတန်ခက်ခဲမှုများစွာနဲ့ ဖြတ်ကျော်ခဲ့ရတယ်” လို့ PCG အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လမိုင်ဂွမ်ဂျာ ကပြောပါတယ်။

ဓာတ်ပုံ – Covid-19 Ninghkap Komiti

ကာကွယ်ရေးပစ္စည်းလွဲပြောင်းခြင်း အခမ်းအနားမှာတော့ ကေအိုင်အို ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေး ဗဟိုကော်မတီခေါင်းဆောင် ဆရာကြီး ဆွမ်လွတ်ဂမ်မှ အခက်အခဲပေါင်းများစွာရှိနေချိန် ယခုလိုသတိရစွာဖြင့် ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီခြင်းအတွက် အထူးကျေးဇူးတင်ရှိကာ နောက်နောင်တွင်လည်း ကူညိပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ မျှော်လင့်သလို လက်ခံရရှိတဲ့ ကာကွယရေးပစ္စည်းများကိုလည်း တန်ဖိုးထားစွာအသုံးပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ ၇ ခုရှိကာ ကျန်းမာရေးစောင့်ကြည့်ခံသူ ၁၅၀၀ ကျော်ရှိပြီးဖြစ်သလို သံသယရှိသူ (၁၁၀) ကိုရောဂါစစ်ဆေးမှုတွေလုပ်ဆောင်ပေမယ့် တွေ့ရှိခြင်းတော့ မရှိသေးပါဘူး။

Leave a Reply

*