COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်

ဗန်းမော်ဒေသရှိ Ebbyu အသင်းတော်မှ အသင်းသားများနှင့် စေတနာ့လူငယ်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသုံးအဆောင်ဖြစ်တဲ့ မျက်နှာအကာ ( Face shields ) များကို လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။ Ebbyu အသင်းတော်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လုပ်ဆောင်ဖို့ အသင်းတော်ကဦးဆောင်ပြီး လုပ်ဆောင်ခြင်းဖြစ်ကာ ထုတ်လုပ်ထားသောပစ္စည်းများကို ဗန်းမော်ဆေးရုံ၊ လိုင်ဇာဆေးရုံနဲ့ မိုင်ဂျာယန်ဆေးရုံတွေဆီ ပေးအပ်သွားမှာဖြစ်ကာ ဇွန်လ ၁၁ ရက်နေ့က လွယ်ဂျယ်တွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိလာတာကြောင့် နီးစပ်တဲ့ ဆေးရုံတွေမှာလည်း အသုံးပြုနိုင်ဖို့ ထပ်တိုးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ကျန်းမာရေးအတွက် လက်တွေ့လုပ်ဆောင်နေသူတွေ ဖျားနာသွားရင် ကျတော်တို့လည်း ထိခိုက်လာမှာပဲလေ။ အဲ့ဒါကြောင့် ကျန်းမာရေးဌာနမှာ လုပ်ဆောင်နေသူတွေ ကျန်းမာနေဖို့ တတ်နိုင်သလောက် ကာကွယ်ရေးပစ္စည်းတွေနဲ့ အကာအကွယ်ရရှိဖို့ သူတို့ကို ကူညီခြင်းဖြစ်ပြီး သူတို့တွေ ဖျားနာသွားရင် အများပြည်သူပဲ ပိုမိုထိခိုက်သွားမှာကို တွေးဆပြီး ကူညီပေးခြင်းဖြစ်ပါတယ်” လို့ ဗန်းမော် ရောဘတ် စေတနာ့အဖွဲ့ ခေါင်းဆောင် ဖော်ဂျုံဘရန်ဆန် ကဆိုပါတယ်။ ကမ္ဘာတစ်လွှားစိုးရိမ်ထိတ်လန့်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်နှိမ်နှင်းနေတာနဲ့အမျှ ဗန်းမော်ဒေသတစ်ဝိုက် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဗန်းမော်ရောဘတ်စေတနာ့အဖွဲ့နဲ့ အစိုးရတို့ ပူးပေါင်းပြီး အများပြည်သူ ကျန်းမာရေးအသိတိုးရေး လုပ်ဆောင်မှုတွေနဲ့ ဒေသတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများကို အစဉ်အမြဲလုပ်ဆောင်နေကြပါတယ်။

Related posts

Leave a Reply

*