COVID-19 ကပ်ရောဂါကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဒေသ အင်ခေါင်းပါ အနီးတဝိုက်ရှိ စစ်ဘေးရှောင်သူများ အသက်မွေးဝမ်းကြောင်းအဖြစ် ဆီထုတ်ကိုင်းပင်စိုက်ပျိုးခြင်းသာ လုပ်ဆောင်နေတာဖြစ်ပေမယ့် လက်ရှိမှာတော့ ဈေးနှုန်းကျဆင်းမှုများကြောင့် အခက်ကြုံနေရပါတယ်။
တရုတ်နိုင်ငံဘက် ကူးသန်းရောင်းဝယ်မှု နည်းပါးသွားတာကြောင့် ယခင်က ကိုင်းပင်ဆီ ယွမ် ၇၀-၈၀ ရရှိပေမယ့် လက်ရှိမှာတော့ ၃၈ ယွမ်လောက်သာရရှိတော့တာကြောင့် ဆီထုတ်ကိုင်းပင် စိုက်ပျိုးလုပ်ကိုင်စားသောက်နေတဲ့ စစ်ဘေးရှောင်သူများ အခက်တွေ့နေရတာပါ။
“ကျမတို့ သားသမီးတွေကို ဒီကိုင်းပင်စိုက်ပျိုးရေးလုပ်ပြီးတော့ပဲ ထောက်ပံ့နေတာကို အခုက ဈေးနှုန်းကျဆင်းသွားတော့ အဘက်ဘက်က ထိခိုက်မှုရှိလာတာပေါ့။ အကယ်၍ ဒါတွေသာ ရောင်းနိုင်ခဲ့မယ်ဆိုရင် ကျောင်းကောင်းကောင်းထောက်နိုင်မှာ” လို့ အင်ခေါင်းပါ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတဲ့ ဒေါ်ခေါန်ဆန့်က ပြောပါတယ်။
ဆီထုတ်ကိုင်းပင်များကို စိုက်ပျိုးပြီး ၆ လ အကြာတွင် တစ်ခါရိတ်သိမ်းကာ အဟောင်းကိုတော့ ၄ လမှာ တစ်ကြိမ်ပြန်လည်ရိတ်သိမ်းကြတာဖြစ်ကာ လက်ရှိစိုက်ပျိုးထားသူများက ဈေးနှုန်းကျဆင်းမှုကြောင့် အိမ်ထောင်တွင်း စားဝတ်နေရေးအတွက် အဆင်ပြေသလို လည်ပတ်ရုန်းကန်နေခြင်းဖြစ်ကာ မူလဈေးနှုန်းပြန်လည်ရရှိလာမည်ကိုသာ စောင့်မျှော်နေကြရပါတယ်။