ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်ကျောင်းသားများအတွက် covid-19 ကပ်ရောဂါကြောင့် စာသင်ကြားမှုများကို ယခင်ကလို ကျောင်းစာများ အချိန်ပြည့်သင်ကြားမှုမရှိတော့တာကြောင့် ကလေးများ စာစိတ်ဝင်စားမှုလျော့နည်းလာကြောင်းသိရှိရပါတယ်။
ယခင်စာသင်နှစ်များတွင်စာသင်ချိန်များကို မနက် 9 နာရီမှ ညနေ 3 နာရီအထိ အချိန်ပြည့်စာသင်ကြားမှုပြုလုပ်နိုင်ခဲ့သော်လည်း ယခု ၂၀၂၀ စာသင်နှစ်မှာတော့ covid-19 ကပ်ရောဂါကြောင့် စာသင်ကြားမှုကို အတန်းခွဲသင်ကြားခြင်း အချိန်ပြောင်းလဲသင်ကြားခြင်းများရှိတာကြောင့် ကလေးများ စာစိတ်ဝင်စားခြင်းနည်းပါးလာကြောင်း၊ မူလတန်း ကလေးများမှာ တစ်ပတ်တွင် ၃ ရက်သာ ကျောင်းတက်ရသောကြောင့် စာသင်ချိန်များနည်းသည်သာမက စာစိတ်ဝင်စားမှုနည်းပါးလာကြောင်း သိရပါတယ်။
“စာကတော့ နည်းနည်းပဲသင်ရသေးတယ်ဆိုတဲ့သဘောပေါ့။ ဒီနှစ် ကုန်သွားလဲ သင်လို့ပြီးမှာမဟုတ်ဘူး။ နေ့တိုင်းကျောင်းတက်ရတဲ့အချိန်တောင် နေ့မှာသင်ခဲ့တဲ့စာကို ညမှာပြန်ဖတ်ရင်တောင်မေ့တယ်ဆိုတော့ အခုက ပိုဆိုးသွားပြီ။ ကျောင်းတက်တယ်ဆိုတာက တက်ရလို့တက်နေတယ်ဆိုတဲ့ အပြုသဘောမျိုးဖြစ်လာတယ်။ စာစိတ်မဝင်စားနေတဲ့ကြားက စာမေ့နေတဲ့ အချိန်ကျောင်းပြန်သွားတော့ပိုဆိုးသွားတာပေါ့” ဂျယ်ယန်စစ်ဘေးရှောင်စခန်းမှ လဖိုင်နန်ဘောက်ကပြောပါတယ်။
ဒီစစ်ဘေးရှောင်စခန်းထဲမှ ကျောင်းသားအများစု ကျောင်းစာစိတ်ဝင်စားမှုနည်းပါးလာတဲ့အတွက် ဆေးလိပ်နှင့် အခြားသောမူးယစ်ဆေးဝါးများတွင် စိတ်ဝင်စားလာမည်ကို မိဘများက အလွန်စိတ်ပူနေကြောင်း၊ စခန်းအတွင်း ခိုးဝှက်မှုများ မကြာခဏရှိနေကြောင်း သိရှိရပါတယ်။