ဧပြီလ(၁၁)ရက် နေ့လည် ၂း၀၅-၅း၃၀နာရီအတွင်း ဟူးကောင်းခရိုင်၊ တနိုင်း(ဒကစ)တပ်မှ ကေအိုင်အေ တပ်မဟာ(၂) ဌာနချုပ်အနီးတစ်ဝိုက်သို့ လက်နက်ကြီးအချက်ပေါင်း(၂၀)ကျော်ပစ်ခတ်ခဲ့ရာ၊ တောင်ယာသွားရာမှ ပြန်လာသော အောင်လောက်ကျေးရွာမှသားအဖနှစ်ဦး အား လက်နက်ကြီးကျည်တစ်လုံး သွားရောက်ထိမှန်ခဲ့ကြောင်းသိရှိရပါသည်။ လက်နက်ကြီးကျည်စများသည် ဖခင်ဖြစ်သူ ဦးအင်ပေါက်ယော် ၏ခြေထောက်တွင်ထိမှန်ကာဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ မောင်အင်ပေါက်နော်ရိန်(အသက်-၂၂နှစ်)၏ ရင်ဘတ်နှင့်ခန္ဓာကိုယ်တွင် လက်နက်ကြီးကျည်စထိမှန်ခဲ့ခြင်းကြောင့်သေဆုံးသွားကြောင်းသိရှိရပါသည်။
ဆက်လက်၍ လိုင်ဇာခရိုင်၊ ခါရာတောင်၊ ဘွမ်ရဲတောင်နှင့်လုံရောက်တွင်ရောက်ရှိနေသော မြန်မာစစ်တပ်သည် ကေအိုင်အေအမှတ်(၂၃၊ ၄၀) တပ်ပေါင်းစုရှိရာ လန်တာတောင်ဖက်သို့ဧပြီလ(၁၁)ရက်နေ့လည် ၂း၁၀-၃း၂၅နာရီအတွင်းလက်နက်ကြီးအကြိမ်ပေါင်း(၂၃)ကြိမ် ပစ်ခတ်ခဲ့ရာ၊ လက်နက်ကြီးကျည်စထိမှန်ခြင်းကြောင့် ဌက်ပျောထမ်းနေသော လိုင်ဇာမုတ်လုံနေ မောင်နော်ဆန် သေဆုံးခဲ့ကြောင်းသိရှိရပါသည်။ သူနှင့်အတူဌက်ပျောထမ်းနေသော ဦးဝမ်ဒဲလရစ်သည်လည်းကျည်စထိမှန်ကာဒဏ်ရာရရှိခဲ့ခြင်းကြောင့်လိုင်ဇာပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရှိရပါသည်။