ကေအိုင်အိုအစိုးရ ကျန်းမာရေးဌာနက တာဝန်ယူဖွင့်လှစ်ထားတဲ့ (၈) ကြိမ်မြောက် ဆရာဝန်ကျောင်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်နေ့က ဗဟိုကျန်းမာရေးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။
ကျောင်းဆင်းပွဲကိုတော့ ကချင်လွတ်မြောက်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့အတူ ဒုတိယ ဥက္ကဋ္ဌ (၂) ဗိုလ်မှုးချုပ် ဇောင်းဘုတ်ထန်း၊ ဗဟိုကောမတီဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနဲ့ ဆရာဝန်များ ပါဝင်ခဲ့ပါတယ်။

“ယနေ့ကျတော်တို့ တော်လှန်ရေးအချိန်အခါဖြစ်နေသေးသလို ကချင်လွတ်မြောက်ရေးအဖွဲ့အနေဖြင့် နိုင်ငံပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံတည်ဆောက်နိုင်ဖို့ အကောင်အထည်ဖော်နေတဲ့အထဲမှာ ကျန်းမာရေးဌာနကလည်း အပါအဝင်ဖြစ်တာကြောင့် ဖျားနာသူတွေကို ဆေးကုသပေးချိန် မာနထောင်လွှားတဲ့စိတ်မရှိပဲ ဖြူစင်သောစိတ်ဖြင့် ဆေးကုသပေးတဲ့ ဆရာဝန်များဖြစ်ကြပါစေ” လို့ အဖွင့်အမှာစကားပြောခဲ့ပါတယ်။
အခမ်းအနားတွင် ဆရာဝန်လောင်းလျာများကို ကျန်းမာရေးဌာနမှ အောင်မြင်ကြောင်း အသိအမှတ်ပြုလက်မှတ်နဲ့အတူ နိုင်ငံသူနိုင်ငံသားများအတွက် အကောင်းမွန်ဆုံး တာဝန်ထမ်းဆောင်သွားကြဖို့ ပြောဆိုခဲ့ပါတယ်။
ယနေ့ကျောင်းဆင်းပွဲမှ ဆရာဝန်လောင်းလျာ ၂၄ ယောက်ဟာ ၂၀၁၆ ခုနှစ် မတ်လ ကတည်းက တရုတ်နိုင်ငံ မန်ရှီမြို့ရှိ ဆေးကျောင်းတွင် ဆေးပညာသင်ကြားခံယူခဲ့ကာ ၂၀၁၉ မတ်လ မှာတော့ ကျန်းမာရေးဌာနဆီပြန်လည်ရောက်ရှိခဲ့ကာ ဧပြီလကတည်းက ဆေးရုံဆေးခန်းတွေက လက်တွေ့ဆင်းခြင်းများကို လုပ်ဆောင်ခဲ့ပြီး ယနေ့တွင် အောင်မြင်ကြောင်း အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းဖြစ်ပါတယ်။