ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရဆီကနေ အာဏာသုံးရပ်ကို ခိုင်လှုံမှုမရှိတဲ့ မဲမသမာမှုအကြောင်းပြကာ လက်နက်ကိုင်ပြီး အတင်းအဓမ္မအာဏာရယူခဲ့တဲ့ စစ်တပ်အစိုးရ နိုင်ငံတော်ကောင်စီအနေဖြင့် ပြည်သူတစ်ရပ်လုံးရဲ့ ဆန့်ကျင်ကန့်ကွက် သပိတ်မောက်ခြင်းကို ခံနေရကာ နိုင်ငံတကာဖိအားကိုလည်း အလူးအလဲထိုးနှက်ခံနေရပါပြီ။

တဖက်တွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးအရေးတော်ပုံကို ပိုမိုအားကောင်းလာစေဖို့ ရုံးမသွား ရုံးမတက် ခွင့်မတိုင်တဲ့ CDM လှုပ်ရှားမှုကို အင်တိုက်အားတိုက်ပါဝင်လာခြင်းကြောင့် လက်ရှိအာဏာသိမ်းအစိုးရအနေဖြင့် အစိုးရယန္တရားလည်ပတ်ဖို့ အခက်ကြုံနေရခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးတက်အလုပ်လုပ်ကြဖို့ အဖက်ဖက်မှ ဖိအားပေးနေကာ လိုက်လံဖမ်းဆီးမှုတွေ၊ ဥပဒေထုတ်ပြန်ပြီး အရေးယူဖို့လုပ်ဆောင်သည်အထိ ရောက်ရှိနေရပြီဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းအစိုးရကို နေ့လည်နေ့ခင်း သပိတ်မောက်နေချိန် ညအချိန်မှာတော့ ပြည်သူတွေကြောက်လှန့်စေဖို့ အဓိကရုန်းဖန်တီးနိုင်ဖို့ ပြည်ထောင်စုနေ့မှာ နိုင်ငံတော်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူပေါင်း ၃ သောင်းကျော်ကို ထောင်တွေထဲကနေ လွှတ်ပေးလိုက်ကာ ထိုထဲမှ အကျဉ်းသားများကို မူးယစ်ဆေးဝါးထိုး၊ ငွေကြေးပေးပြီး နေရာဒေသအသီးသီးတွင် မီးကွင်းပစ်ခြင်း၊ ရေကန်တွေထဲ အဆိပ်ခတ်ခြင်းများကို ၈၈ အရေးတော်ပုံကာလကအတိုင်း လုပ်ဆောင်လာခြင်းကို ပြည်သူတစ်ရပ်လုံးက သတိရှိစွာဖြင့် ပြန်လည်တုံ့ပြန်နေကာ လက်ရှိမှာတော့ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လုံခြုံရေးကို အားစိုက်နေကြရပါတယ်။
လူနေရပ်ကွက်တွေထဲ မငြိမ်မသက်မှုတွေဖန်တီးနေခြင်းကြောင့် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်လည်း လူကြီးလူငယ်ပူးပေါင်းပြီး ရပ်ကွက်လုံခြုံရေးအတွက် လုပ်ဆောင်နေကြသလို “ ကိုယ့်ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်အပြင် အခြားသော အဖျက်အမောက်တွေလာရောက်ရင်လည်း ပြည်သူ့အားနဲ့ပြန်ခုခံသွားနိုင်ဖို့ အကြမ်မဖက်တဲ့လုပ်ရပ်တွေနဲ့ ပြည်သူ့အားနဲ့ဆိုဖြစ်နိုင်တယ်လေ၊ ရပ်ကွက်အတွင်း ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ ဒူကထောင်ရပ်ကွက်လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဆရာဖာလော့ဆိုင်းနော်ကပြောပါတယ်။
ရပ်ကွက်လုံခြုံရေးအတွက် ရပ်ကွက်သား အယောက် (၇၀) ကျော်ပါဝင်ကာ နေ့ ည မပျက်လှည့်လည်ပြီး ဆောင်ရွက်နေသလို ရပ်ကွက်အတွင်းရှိပြည်သူများ လုံခြုံရေးတောင်းဆိုလာပါက အချိန်မှီ ကူညီဆောင်ရွက်သွားနိုင်ဖို့လည်း အသင့်ရှိနေကြပါတယ်။