ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဖာခစ်ကျေးရွာရှိ အသက် (၆၂) နှစ်ရှိပြီဖြစ်တဲ့ အဘွားအရွယ် အမျိုးသမီးကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက မဖွယ်မရာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ရှုခင်းသာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၃၃၆) တပ်ရင်းမှ အသက် (၂၂) နှစ်အရွယ် မြင့်မြင့်စိုး ဆိုတဲ့ စစ်သားမှ အဆိုပါအမျိုးသမီးနေအိမ်တွင် ရောက်ရှိလာကာ အကြမ်းဖက် အဓမ္မပြုခဲ့တာဖြစ်ပါတယ်။
“ကျမက နေအိမ်ထဲမှာ တစ်ယောက်တည်းမို့ အပြင်မှာထိုင်နေစဉ် မြန်မာစစ်သားတစ်ဦးက (စစ်ကောင်စီတပ်သား) ဘယ်ကနေရောက်လာမှန်းမသိ ရောက်ချလာပြီး၊ ကျမ အော်ပြီး အကူအညီတောင်းပေမယ့် ဘယ်သူ့မှမကြားခဲ့လိုက်ဘူး၊ အဲ့စစ်သားက ကျမပါးစပ်ကိုပိတ်စို့လိုက်ပြီး နေအိမ်ထဲကို ဆွဲခေါ်သွားပြီးတော့” လို့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးကဖြစ်စဉ်ကို အခုလို ပြောပြပါတယ်။
အဆိုပါညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးက ဟင်းသီးဟင်းရွက်လိုက်လံရှာဖွေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်ရှိလာတာကြောင့် အဆိုပါအမျိုးသမီးက ခြံရှိစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် ခူးပေးလိုက်အပြီး နောက်တွင် အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ စစ်သား ရောက်ရှိလာတာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် အဓမ္မပြုကျင့်ခံရတဲ့ အဆိုပါအမျိုးသမီးအတွက် တရားမျှတရေးရရှိဖို့ သက်ဆိုင်တဲ့ တပ်ရင်းရှိ တာဝန်ရှိသူများကို ဖြေရှင်းပေးဖို့ ပြောဆိုထားပေမယ့် မည်သို့မည်ပုံ ဖြေရှင်းပေးမယ်ကိုတော့ မသိရှိရသေးကာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကိုတော့ လုံခြုံတဲ့နေရာတွင် ထားရှိထားကြောင်း သိရပါတယ်။