ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်သည်တပ်မဟာ(၂) ဟူးကောင်းဒေသဘက် သာမက၊ တပ်မဟာ(၁)မလိအင်မိုင်ဒေသဘက်သို့လည်းစစ်အင်အားတိုးချဲ့ကာ အတင်းထိုးစစ်ဆင်နေသောကြောင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပါသည်။
ဆွမ်ပရာဘွမ်ခရိုင်၊ မိုင်တိုင်(၁၈) ပုံးဆွီးရန်မှ ဆက်လက်လှုပ်ရှားချီတက်လာသောမြန်မာစစ်တပ်နှင့် ကေအိုင်အေအမှတ်(၄)တပ်ရင်းတပ်ဖွဲ့ဝင်များ ဧပြီလ(၂၇)ရက် နေ့လည် ၃း၀၀နာရီအချိန်တွင် မိုင်တိုင်(၂၁)တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ ဧပြီလ(၂၇)ရက် နံနက်၉း၁၀-၉း၄၀နာရီအတွင်း တပ်မဟာ(၂)နယ်မြေ၊ ဇွပ်မိုင်းကျေးရွာဖက်မှပြန်လှုပ်ရှားဆုတ်ခွာလာသော မြန်မာစစ်တပ်အင်အား(၁၀)ကျော်နှင့် ဇွပ်မိုင်ကျေးရွာနှင့်တပ်မဟာ(၂)လက်အောက်မှတပ်ဖွဲ့ဝင်များ အွတ်ဂျူးဒဘန် ကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ဧပြီလ(၂၆)ရက် နံနက်၉း၃၀-၁၁း၃၀နာရီအတွင်းတွင်လည်း၊ ဆွမ်ပရာဘွမ်ခရိုင်၊ (၁၆)မိုင်အနီး ဇွပ်မိုင်းရန်တွင် တပ်မဟာ(၄)တပ်ဖွဲ့ဝင်များ နှင့် မြန်မာစစ်တပ် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီး၊ည ၉း၂၅နာရီအချိန်ခန့်တွင် (၁၈)မိုင်ပုံးဆွီးရန်တွင် နောက်တစ်ကြိမ်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။ မြစ်ကြီးနားခရိုင်အတွင်းရှိ ကဆုန်ကျေးရွာထိပ် ရပ်ကွက်(၁) တွင်လည်းဧပြီလ(၂၆)ရက် နံနက်၁၁း၁၅နာရီမှ နေ့လည်၁၂း၁၀နာရီအတွင်း အမှတ်(၁၁)တပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့သည်။