မိုးပြင်းထန်စွာရွသွန်းပြီး ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ဗန်းမော်မြို့နယ် အနီးတဝိုက်ရှိ ပေါက်ကုန်း၊ သီရိဆင်ကုန်း၊ ခွန်သာ၊ ညောင်ပင်သာ စတဲ့ မြစ်အနီးရှိကျေးရွာများမှ ရေနစ်မြုပ်လာတဲ့ အိမ်ထောင်စုများကို အစိုးရသတ်မှတ်ပေးထားတဲ့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံဖို့နေရာချထားပေးနေကြပါတယ်။ မိုးဇလဗေဒမှ စိုးရိမ်အမှတ် ပေ ၁၁၅၀ အဖြစ်သတ်မှတ်ထားခြင်းက လက်ရှိတွင် ပေ ၁၀၀၀ အထိရောက်ရှိနေပြီဖြစ်ကာ ရွေ့ပြောင်းပေးထားရတဲ့ အိမ်ထောင်စုများအတွက် အနီးဝန်းကျင်ရှိ ဒေသခံများက ဖြေရှင်းပေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့သောနှစ်များက ရေကြီးလာချိန် ဗန်းမော်မြို့တွင်းရှိ ရပ်ကွက်အသီးအသီးကို စားသောက်ကုန်များ စီစဉ်ပေးခြင်းရှိခဲ့ကာ ယခုနှစ်မှာတော့ ကူညီပေးခြင်းမရှိပေမယ့် ရပ်ကွက်တိုင်းက အခြေအနေပေါ်မူတည်ပြီး အကူအညီပေးရေးများအတွက် ပြင်ဆင်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်တွင်းလည်း ရေနှစ်မြုပ်မှုဖြစ်ပွားတဲ့ အိမ်ထောင်စုအချို့ကို ဇူလိုင် ၁၀ ရက်နေ့က အထက ၁ ကျောင်းတွင် အိမ်ထောင်စု (၁၇) စု၊ ဘုန်းကြီးကျောင်းဝင်းမှာတော့ အိမ်ထောင်စု (၁၄) စု ရွေ့ပြောင်းထားရပါတယ်။
လက်ရှိအချိန်တွင် မြစ်ရေကျဆင်းလာခြင်းကြောင့် မိမိနေအိမ်ပြန်ဖို့ ပြင်ဆင်နေပြီးဖြစ်ကာ ရေကြီးမှုထပ်မံဖြစ်ပွားလာပါက အကူအညီပေးဖို့ ကော်မတီဖွဲ့စည်းထားကာ ရပ်ကွက်အနေဖြင့် မတတ်နိုင်လာပါက အစိုးရကိုအကူအညီတောင်းခံသွားဖို့ ရှိကာ လတ်တလောမှာတော့ ဒေသခံများအားလုံး ကူညီဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ ရွေကူ၊ ပူတာအိုနဲ့ အခြားသော ဒေသအချို့တွင် ရေကြီးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။