မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းတစ်နေရာမှာ ကချင်ပြည်နယ်ရှိ မျိုးဆက်သစ်လူငယ်များက ပြောက်ကျားသပိတ်အဖြစ် တောင်တန်းတော်လှန်ရေးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

တောင်တန်းတော်လှန်ရေးလို့အမည်ပေးထားတဲ့စာသားနဲ့အတူ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ၁၉၄၇ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံထားရသူများလွတ်ပေးရေးနဲ့ ကေအိုင်အို/ကေအိုင်အေအဖွဲ့ကို ထောက်ခံကြောင်း ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုအနေဖြင့် လက်ရှိတွင် ကချင်ပြည်နယ်အပြင် နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသူ ၈၀ ကျော်နေပြီပဲဖြစ်ပါတယ်။
ယခုလို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်နေပေမယ့် ပြည်သူလူထုကတော့ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် သပိတ်မှောက်နေကြဆဲဖြစ်ပါတယ်။