ဥရုချောင်းထဲကို မျှောပါသွားသူတစ်ဦးကို ရှာမတွေ့သေး

ဥရုချောင်းတွင် အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက လှေမှောက်မှုဖြစ်ပွားပြီး ရေစီးနဲ့အတူ မျှောပါသွားတဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ ဦးလရှီးအောင်နန်ရဲ့ ရုပ်ကလပ်ကို လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ ဖြစ်နေပါတယ်။

အသက် (၃၂) နှစ်အရွယ် ဇွပ်ရာအသင်းတော်ရဲ့ ဘဏ္ဏာရေးမှူးဖြစ်တဲ့ ဦးလရှီးအောင်နန်က အိမ်နီးနားချင်းမိတ်ဆွေနှစ်ဦးနဲ့ မရစ်ခွန်းကျေးရွာ မူလတန်းကျောင်းနောက်ကြောရှိ ဥရုချောင်းတဖက်ကမ်းတွင် ငါးမျှားဖို့ လှေဖြင့်ဖြတ်ကူးစဉ် လှေမှောက်မှုဖြစ်ပွားပြီး သူငယ်ချင်း (၂) ဦးကလွတ်မြောက်နိုင်ခဲ့ပေမယ့် သူကတော့ ရေထဲမျှောပါသွားခဲ့တာဖြစ်ပါတယ်။

“ငါးမျှားထွက်တာ ၅ ယောက်ပါ နှစ်ဦးကဒီဘက်အခြမ်းမှာ ကျန်သုံးဦးက ဟိုဘက်ကမ်းကို သွားဖို့ လှေနဲ့အသွား ရေအားကလည်း ပြင်းနေတော့ တစ်ဦးက ရေထဲကို ထိုးဆင်လိုက်တော့ လှေမှောက်မှုဖြစ်သွားတာ အားလုံးရေထဲကျသွားတာ၊ နှစ်ဦးက ကမ်းဘက်ကို တက်နိုင်ခဲ့ပေမယ့် သူကလွယ်အိတ်ရော ဓားရောပါပြီး ဂျင်းဘောင်းဘီ ဝတ်ထားတော့ ကမ်းဘက်ရောက်ခါနီး နစ်သွားတာ” လို့ ဒေသတာဝန်ခံတစ်ဦးကပြောပါတယ်။

ရေနစ်ပျောက်ဆုံးနေသူရဲ့ ဇနီးနဲ့ သားသမီးများ အိမ်သား (၆)ဦးက မြစ်ကြီးနားမြို့ကနေ လုံးခင်းဘက်ကို လာရောက်နေပေမယ့် ကားမိုင်းဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရတာကြောင့် မြစ်ကြီးနားဘက်ကို ပြန်သွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဆန်ခါ၊ မဒန်ယန်၊ မှော်မုံ၊ မှော်ရှန်ရှိ အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများနဲ့အတူ မီးသတ်တပ်ဖွဲ့များက ရှာဖွေမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Leave a Reply

*