
ကချင်လူငယ်များအဖွဲ့ကွန်ယက် ဦးဆောင်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြင့် အလုပ်လုပ်ဖို့ စိတ်ပါဝင်စားမှုရှိသူများကို ဇွန်လ ၂၉ ရက်နေ့က စတင်ပြီး ငွေကြေးမယူပဲ အွန်လိုင်းဖြင့် အုပ်စုခွဲပြီး ချည်ထိုးလက်မှုပညာ သင်ကြားပို့ချပေးနေပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေအိမ်တွင်သာ နေထိုင်နေပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်ဖို့ ခက်ခဲလာသူများကို ရည်ရွယ်ပြီး အလုပ်တစ်ခုဖြင့် ဝင်ငွေရရှိစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ COVID-19 ရောဂါကာကွယ်ရေးကာလဖြစ်သေးတာကြောင့် သင်ကြားမှုများကို အွန်လိုင်းစနစ်ဖြင့်သာ ပို့ချခြင်းဖြစ်သလို အခြေအနေပေါ်မူတည်ပြီး သင်တန်းတက်ရောက်သူများနဲ့ ပို့ချသူများ Kachin Youth Center တွင် ရောဂါကာကွယ်မှုတွေ လုပ်ဆောင်ပြီး တွေ့ဆုံမှုတွေလုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်တွင် သင်တန်းတက်ရောက်သူ ၂၄ ဦးရှိကာ ဇွန်လ ၉ ရက်နေ့အထိ အဖွဲ့သုံးဖွဲ့ခွဲပြီး သင်ကြားပေးနေတာပါ။ သင်ခန်းစာများကတော့ လွယ်အိတ်ပုံစံအမျိုးမျိုး၊ အသုံးဝင် အသုံးချလို့ရတဲ့လက်မှုပုံစံမျိုးစုံကို သင်ကြားပို့ချပေးနေကြောင်း ကွန်ယက်အတွင်းရေးမှူးဖြစ်တဲ့ ဆရာမ ဆွတ်ဆိုင်ထွယ် ကပြောပါတယ်။