အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဦးဆောင်ပြီး CDM ဝန်ထမ်းများအတွက် ရည်ရွယ်ကာ လှူရင်းကံစမ်းမယ့် အွန်လိုင်းစနစ်ဖြင့် ရောင်းချတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ကို ယနေ့ ညနေပိုင်း ၄ နာရီတွင် စတင်ရောင်းချပေးခဲ့ရာ ပြည်သူများ အလုအယက်ဝယ်ယူအားပေးမှုကြောင့် တစ်နာရီအတွင်းမှာပင် သတ်မှတ်စောင်ရေ ရောင်းကုန်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

“အောင်လံလွှင့်ချီ နွေဦးထီ” ကို စစ်အာဏာရှင်မပြုတ်ကျမချင်း နေ့စဉ်ရက်ဆက် ရောင်းချပေးသွားမှာဖြစ်တာကြောင့် နောက်ရက်များတွင် ဆက်လက်အားပေးနိုင်မှာဖြစ်ကာ သတ်မှတ်စောင်ရေကိုလည်း တိုးမြင့်လက်ခံသွားဖို့ ကြိုးစားနေကြောင်း ထုတ်ပြန်ထားပြီး နည်းပညာပိုင်းကိုလည်း မြှင့်တင်မှုလုပ်ဆောင်လျက်ရှိနေပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ မတိုင်မီ “အောင်လံလွှင့်ချီ နွေဦးထီ” Chatbot ကနေ စမ်းသပ်ထားသူများအနေဖြင့် ထိုစာများအားလုံးကို ရှင်းလင်းဖျက်ပစ်ပြီးမှ အားပေးဖို့လည်း မေတ္တာရပ်ခံထားကာ ပြည်သူများရဲ့ သတင်းအချက်အလက် လုံခြုံရေးကို ဦးစားပေးနေတာဖြစ်ခြင်းကြောင့် နားလည် ပူးပေါင်းပေးကြဖို့ ပြောဆိုထားပါတယ်။
“အောင်လံလွှင့်ချီ နွေဦးထီ” ကို ဖုန်းနံပါတ်တစ်ခုလျှင် အနည်းဆုံး ၅ စောင်ကနေ အများဆုံး အစောင် ၅၀ အထိ တစ်စောင်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထိုးနှံနိုင်မှာဖြစ်ပြီး ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်းထမ်းများကို ပေးအပ်မှာဖြစ်ကာ ၃၀ ရာခိုင်နှုန်းကိုတော့ ဆုမဲအဖြစ် ပေးအပ်မှာဖြစ်ပြီး ဆုကြေးတစ်ခုကို ၁၅ သိန်းဖြင့် မျှတသွား ခွဲဝေပေးမှာဖြစ်ကာ ဆုမဲကို ပြန်လည် လှူဒါန်းနိုင်ဖို့လည်း လမ်းဖွင့်ပေးထားပါတယ်။
အာဏာသိမ်းပြီး တပြိုင်နက်တည်း အာဏာသိမ်းစစ်တပ်လက်အောက် ရောက်ရှိသွားတဲ့ အောင်ဘာလေထီကတော့ ပုံမှန် တစ်လတစ်ကြိမ် ဖွင့်လှစ်ရာကနေ တစ်လခွဲ တစ်ကြိမ်အဆင့်နဲ့ ဆုကြေးလျော့ချလိုက်ရတဲ့အထိ ပြည်သူတစ်ရပ်လုံးက သပိတ်မှောက်ခဲ့ကြကာ ထီရောင်းသူများကလည်း ဝယ်သူမရှိတာကြောင့် လုပ်ငန်းပြောင်းလဲလိုက်ရတဲ့အထိ ပြည်သူများရဲ့ ဆန့်ကျင်မှုကို ခံလိုက်ရပါတယ်။