၆၂ နှစ်ပြည့် KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ပွဲ အဖြစ် KIA တပ်မဟာ (၉) နယ်မြေ အနန်ပါတွင် အောက်တိုဘာ ၂၃ ရက် ညနေ ၈ နာရီခွဲခန့် တေးဂီပွဲပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် သုံးစင်းဖြင့် အလစ်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူများ၊ အနုပညာရှင်များနဲ့ ကေအိုင်အေ အရာရှိများ၊ ဝန်ထမ်းများ အများအပြားသေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါနယ်မြေတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိကာ အရပ်သားပြည်သူအများအပြား ရှိနေခြင်းကို သိရက်ဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လူအုပ်ကြား ဗုံး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် ဂီတပွဲလာရောက် ကြည့်ရှုကြတဲ့ အရပ်သားပြည်သူ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်များနဲ့ ကေအိုင်အေ အရာရှိ၊ ဝန်ထမ်းများ ၅၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
“ အကြမ်းဖက် စစ်ကောင်စီတပ် အနေနဲ့ လူထုတွေလည်း ရှိတယ်ဆိုတာကို ကောင်းကောင်းသိတယ်၊ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာလည်း မဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိကို လာရောက်ဗုံးကြဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ၊ စစ်ရာဇဝတ်မှုမြောက်ပြီး လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်ဗျာ၊ သေဆုံးသွားခဲ့ရသူတွေ အတွက် စိတ်မကောင်းဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယခုလို ဖားကန့်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အစုလိိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခြင်း ခံခဲ့ရတာကြောင့် ကေအိုင်အို ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူပြီး ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် လုပ်ဆောင်ကြဖို့ ညွန်ကြားလိုက်ပါတယ်။
လက်ရှိတွင် အဆိုပါဖြစ်ရပ်ကြောင့် သေဆုံးသူများရဲ့ ရုပ်အလောင်းများကို စီစစ်နေပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ပေးအပ်နေကြောင်းသိရှိရကာ ဖားကန့်မြို့ရှိ လူမှုကူညီရေးအဖွဲ့များမှ ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ဖို့ သွားရောက်ပေမယ့် စစ်ကောင်စီဂိတ်မှ တားဆီးပိတ်ပင်ခြင်းကြောင့် လှည့်ပြန်ခဲ့ရမှုတွေလည်း ရှိကာ သွေးထွက်လွန်ပြီး သေဆုံးသူများလည်း တိုးနေကြောင်း မြေပြင်သတင်းသိရှိသူထံမှ သိရပါတယ်။