အားကောင်းမောင်းသန်ဖြင့်ရှေ့ဆက်နေပြီဖြစ်တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု

အာဏာသိမ်းအစိုးရကို သန်းပေါင်းများစွာသူ ပြည်သူတွေ နိုင်ငံတဝှမ်း သပိတ်မှောက်နေကြတာ ယနေ့ဆိုရင် ၁၂ ရက်တိတိ ရောက်ရှိနေပြီဖြစ်ကာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး နေရာဖြန့်ကျက်ကာ လုပ်ဆောင်မှုတွေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုကာ နိုင်ငံတကာအထိ အမှန်တရားကို ချပြနိုင်ဖို့ အာဏာရှင်စနစ်ပြုတ်ကျသွားဖို့ ကြိုးစားနေကြပါတယ်။

နိုင်ငံတဝှမ်း သပိတ်မှောက်နေမှုများတွင် ကြွေးကြော်သံများက ကွဲပြားမှုရှိနေပေမယ့် တူညီမှုတစ်ခုကတော့ အာဏာရှင်စနစ်ကျရှုံးရေးဖြစ်ကာ မြို့ကြီးများမှာတော့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ အခြားဖမ်းဆီးထားခံရသော အကြီးအကဲများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များကို လွတ်ပေးရေ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေးတို့ကို အလေးထားတောင်းဆိုကြပါတယ်။

သို့ပေမယ့်လည်း လက်ရှိနိုင်ငံရေးအကြပ်အတည်း ဖြေရှင်းဖို့ နဲ့ နှစ်ပေါင်း ၆၀ ကျော်ရှိနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့ လိုအပ်ချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီအပြည့်အဝရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး၊ ၂၀၀၈ အခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းရေးနဲ့ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရေးများကို လူနည်းစုတိုင်းရင်းသားများနဲ့ အချို့သောသူများက တောင်းဆိုနေကြခြင်းက မြို့ကြီးကြီးများတွင် တောင်းဆိုနေမှုများနဲ့မတူကွဲပြားပေမယ့် အာဏာရှင်အမြစ်ပြတ်ရေးက တူညီနေပါတယ်။

“ကျတော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ဆိုရင် လက်ရှိကိုင်စွဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းပစ်ပြီးတော့ တိုင်းရင်းသားအားလုံးအတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်မှ ငြိမ်းချမ်းရေးရရှိနိုင်မယ်၊ ဒါ့မှမဟုတ်ပဲ ဒီဖွဲ့စည်းပုံနဲ့ပဲ ဆက်သွားနေမယ်ဆိုရင် လက်ရှိနိုင်ငံရေးအကြပ်အတည်းပြီးသွားပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးက ပြီးဆုံးနိုင်အုံးမှာမဟုတ်ပါဘူး” လို့ အာဏာသိမ်းစစ်အစိုးရကို သပိတ်မှောက်နေတဲ့ လူငယ်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

အားကောင်းလာနေတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဖြိုခွဲမှုတွေကလည်း အာဏာသိမ်းစစ်တပ်အနေဖြင့် အင်အားတိုးလုပ်ဆောင်နေသလို ခြိမ်းခြောက်မှုတွေလည်း ဘက်ပေါင်းစုံဖြင့်လုပ်ဆောင်နေခြင်းကြောင့် CDM မှာပါဝင်နေသူတွေအများစု တိမ်းရှောင်နေကြရသလို ပါဝင်ဖို့ပြင်ဆင်နေသူများလည်း တုံ့ဆိုင်းကာ ဝေခွဲမရဖြစ်နေကြရတာကြောင့် ပြည်သူများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုရှိစွာ CDM တွင်ပါဝင်သူများကို ကူညီဆောင်ရွက်သွားမှာဖြစ်သလို ထိုသူများကို ယခင်မူလတာဝန်အတိုင်း ပြန်လည်အလုပ်တာဝန်တွေကို လုပ်ဆောင်ခွင့်ပြုပေးမှာဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။

Photo – KBC Kachin

မြစ်ကြီးနားမြို့ရှိ လျှစ်စစ်ဓာတ်အားပေးစက်ရုံများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေရာယူထားမှုကို ဒေသခံပြည်သူများက မလိုလားခြင်းကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထွက်ခွာသွားဖို့ ကန့်ကွက်ဆန္ဒပြခဲ့ရာတွင်လည်း မျက်ရည်ယိုဗုံးတွေ ရာဘာကျည်အပါအဝင် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုတွေ ညအချိန်တွင် ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေများစွာရှိခဲ့ကာ တနိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

“အခုလက်ရှိ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာတွေလုပ်ဆောင်တာကြောင့် သူတို့ကို ပြည်သူတွေက အကာအကွယ်ပေးနေခြင်းဖြင့် ပါဝင်နေတယ်၊ လူထုကလည်း ဒါကိုလက်ခံတယ် အာဏာသိမ်းစစ်အစိုးရအနေဖြင့် ပြည်သူတွေပဲရှိတဲ့နေရာမှာ ဝင်ရောက်နေရာယူနေမှုကို လူထုမလိုလားတာကြောင့် ကန့်ကွက်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ ချီဖွေနဲ့အချို့သောမြို့နယ်များတွင်လည်း ပြည်သူ သောင်း၊ သိန်းချီပြီး အာဏာရှင်စစ်အစိုးရကို သပိတ်မှောက်နေကြသလို ဘာသာရေးအဖွဲ့အစည်းများကလည်း ဘာသာရေးအရ အဓမ္မဖြစ်နေမှုကို ကန့်ကွက်ဆန့်ကျင်သောအားဖြင့် ပါဝင်နေကြပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကလည်း လက်ရှိအာဏာသိမ်းအစိုးရရဲ့ လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးတွင် အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်နေရသလို ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုကိုလည်း အကြမ်းဖက်နှိမ်နှင်းခြင်း၊ ပစ်ခတ်ဖြိုခွင်းခြင်းမပြုလုပ်ပဲ တရားသောနည်းလမ်းဖြင့် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေမှုကို ပိုမိုခက်ခဲရှုပ်ထွေးသွားစေဖို့ ကြံစည်လုပ်ဆောင်မှုများမပြုလုပ်ပဲ ဖမ်းဆီးထိန်းသိမ်းခြင်းများလည်း ထပ်မံမပြုလုပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားကာ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူများရဲ့ ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အရပ်သားအစိုးရဆီကနေ မတရားအဓမ္မအာဏာသိမ်းထားတဲ့ စစ်တပ်အနေဖြင့် နိုင်ငံတကာရဲ့ ဖိအားအပြင် ပြည်သူများရဲ့ ကန့်ကွက်သပိတ်မှောက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း ပြည်သူများကို အကြမ်ဖက်လုပ်ရပ်တွေမလုပ်ဆောင်ဖို့ ပြောဆိုထားနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများကြောင့် ဘက်ပေါင်းစုံကနေ ဖိအားပေးခြင်းခံနေရသလို ပြည်သူများကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုကို ပိုမိုတိုးပြီးလုပ်ဆောင်ကာ အရေးတော်ပုံအောင်မြင်ဖို့ နည်းလမ်းပေါင်းစုံဖြင့် အားထုတ်နေကြပါတယ်။

Leave a Reply

*