မကြာခင်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် အာလန့်ဘွမ်ကျောင်းဝင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာအဖြစ်အသုံးပြုနေတာကို ဇူလိုင်လအတွင်း ရုပ်သိမ်းတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူများမှ သိရှိရပါတယ်။ ကျောင်းဖွင့်လှစ်ချိန်ရောက်ရှိလာပြီမို့ ကိုဗစ်-၁၉ ဗဟိုကော်မတီမှ စောင့်ကြည့်ရေးနေရာ ရုပ်သိမ်းဖို့ ညွန်ကြားထားကာ လက်ရှိတွင် အသွားအလာကန့်သတ်စောင့်ကြည့်ဖို့ လက်ခံတော့မှာမဟုတ်ပဲ ယခင်ကလက်ခံထားသူများသာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ “ကျတော်တို့အနေနဲ့ ဒီအသွားအလာစောင့်ကြည့်ရေးနေရာကို ဒီအတောအတွင်း ရုပ်သိမ်းသွားမှာပါ၊ လက်ရှိရှိနေသူတွေသာ ပြီးတဲ့အထိစောင့်ကြည့်ခံရမှာပါ” လို့ စောင့်ကြည့်ရေးနေရာတာဝန်ခံတစ်ဦးက ဆိုပါတယ်။ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာ အဖြစ်အသုံးပြုပြီးရင် ကျောင်းမဖွင့်ခင်အတောအတွင်း ကျောင်းဝင်းသန့်ရှင်းရေး၊ ဆေးဖြန်းခြင်းများကို အချိန်နှစ်ပတ်ယူပြီး လုပ်ဆောင်သွားမှာဖြစ်ကာ လုပ်ငန်းပြီးစီပါက ကျောင်းကော်မတီကို ပြန်လည်အပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အာလန့်ဘွမ်ကျောင်းဝင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာမှာတော့ ဂျဲယန်စစ်ဘေးရှောင်စခန်း၊ ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းနဲ့ ဂျာထုစစ်ဘေးရှောင်စခန်းတို့မှ ခရီးထွက်ပြီးပြန်လည်ရောက်ရှိလာသူများကို ထားရှိခြင်းဖြစ်ကာ လက်ရှိမှာတော့ အယောက် (၆၀) ကျော် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေကြတာပဲ ဖြစ်ပါတယ်။