အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မတ်လ ၂၃ ရက် ၂၀၂၀ ခုနှစ်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းခံရတဲ့ ရက္ခိုင့်တပ်တော်ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ မတ်လ ၁၁ ရက်ထုတ် ကြေးမုံသတင်းစာမှာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းကြောင်း ထုတ်ပြန်လိုက်တာပါ။

ယခုလိုလုပ်ဆောင်ရခြင်းက အေအေအဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမရှိတော့သလို စစ်ကောင်စီ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ်တို့နဲ့အညီ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးတည်ဆောက်နိုင်ဖို့အတွက် ရုပ်သိမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်နဲ့ အေအေတပ်တို့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ဒေသတွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထိုနေရာများတွင် စစ်ဘေးရှောင်ပြည်သူကလည်း တစ်သိန်းကျော်အထိ ရှိခဲ့တာပါ။
လက်ရှိတွင် ရခိုင်ပြည်နယ်တဝှမ်းရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချို့နေရာများတွင် အာဏာသိမ်းစစ်တပ်မှ မိုင်းရှင်းလင်းခြင်းတွေကို လုပ်ဆောင်နေကာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) ခ ဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပါတယ်။
ရခိုင်နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်ထုမေကတော့ “အကြမ်းဖက်အုပ်စုနှင့်ဆက်နွယ်သည်ဟူသော အကြောင်းပြချက်ဖြင့်ဖမ်းဆီးခံထားရသောအပြစ်မဲ့ပြည်သူများကိုလည်း အမြန်ဆုံးလွတ်ပေးကြရမည်။ သူတို့သည် မူလကတည်းက အပြစ်မဲ့ပြည်သူများသာဖြစ်သည်။” လို့ ယခင်ဖမ်းဆီးထားတဲ့ပြည်သူများကိုလည်း လွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ယခုလို အာဏာသိမ်းစစ်ကောင်စီရဲ့ ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အုပ်အဖြစ်မှ ရုပ်သိမ်းကြောင်းကြေညာချက်ကို အေအေအနေဖြင့် တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးသလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပါတယ်။