အာဏာသိမ်းစစ်အစိုးရကို ဖားကန့်ဒေသမှာလည်း သပိတ်မှောက်

ဖားကန့်ဒေသရှိ အဖွဲ့အစည်းများက ဦးဆောင်ပြီး အရပ်သားအစိုးရဆီမှ အာဏာသုံးရပ်ကို မတရားအဓမ္မရယူခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း ပြည်သူလူထု သပိတ်မှောက်ခဲ့ကြပါတယ်။

ဒီအာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြရာတွင် ဖားကန့်ဒေသရှိ လူမျိုးပေါင်းစုံအပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ နိုင်ငံဝန်ထမ်းများလည်း ပါဝင်သပိတ်မှောက်ခဲ့ကြပါတယ်။

“ယနေ့ ကျတော်တို့နိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် ကျတော်တို့အတွက်က လွတ်လပ်မှုမရှိတာကြောင့် အာဏာသိမ်းအကြမ်းဖက်တဲ့လုပ်ရပ်ကို လုံးဝလက်ခံလက်မခံသလို အမြစ်ပြတ်ချေမှုန်းလိုက်နိုင်ဖို့ မျှော်လင့်တယ်၊ ပြည်သူတွေလိုအပ်နေတဲ့ တန်းတူအခွင့်အရေးရရှိဖို့ ပါဝင်နေခြင်းဖြစ်ပါတယ်” လို့ အာဏာရှင်စစ်အစိုးရကို သပိတ်မှောက်ရာတွင် ပါဝင်တဲ့ လတုန်ဆောင်ဘောမ့်ကပြောပါတယ်။

ရှမ်းလူငယ်တစ်ဦးဖြစ်တဲ့ စိုင်းဖ ကတော့ “စစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင့်ကန့်ကွက် မလိုလားသလို ပြည်ထောင်စုနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတိုင်းနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် တရားမျှတတဲ့အခွင့်အရေးကို ဖော်ဆောင်လာနိုင်ဖို့ ဆန္ဒပြနေခြင်းဖြစ်တယ်” လို့ သူ့အမြင်ကိုပြောပါတယ်။

ဖားကန့်ဒေသက ကမ္ဘာကျော်တဲ့ကျောက်စိမ်းတွေ လှိုင်လှိုင်ထွက်ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါများကသာ အများဆုံး တူးဖော်ခံစားခွင့်တွေရရှိနေကာ မြန်မာနိုင်ငံရှိ ဆင်းရဲသားပြည်သူ လူမျိုးပေါင်းစုံကလည်း ဝမ်းရေးအတွက် ကျောက်စိမ်းရှာဖွေခြင်းကို တနိုင်တပိုင်လာရောက်လုပ်ကိုင်တဲ့ ဒေသဖြစ်တာကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့ ဒေသတစ်ခုဆိုရင်လည်း မမှားပါဘူး။

“ဒီမိုကရေစီနိုင်ငံရရှိဖို့ ဒီသပိတ်မှာ ရဝမ်မျိုးနွယ်စုတွေလည်း ပါဝင်နေပါတယ်” လို့ ရဝမ်လူငယ်တစ်ဦးကဆိုပါတယ်။

ဖားကန့်မြို့မှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ပြီး တစ်ရက်ခြားပြီး လူထုသပိတ်ကို ပြုလုပ်နေတာဖြစ်ကာ နေ့စဉ်နေ့တိုင်းလည်း အဖွဲ့ကိုယ်စီဖြင့် အာဏာရှင်စနစ်ကို စွဲကိုင်ထားတဲ့ စစ်တပ်ကို ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီး အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားကြပါတယ်။

မြန်မာတနိုင်ငံလုံးက အာဏာသိမ်းစစ်အစိုးရကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများဖြင့် သပိတ်မှောက်နေရာတွင် စစ်ကောင်စီအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ဖြိုခွင်းမှုတွေကို မြို့နယ်အချို့တွင် လုပ်ဆောင်ခဲ့ကာ ပြည်သူလူထုရဲ့ နေစဉ်ဘဝကိုလည်း ကြောက်စိတ်တွေဖြစ်ပေါ်လာဖို့ မတရားသောနည်းလမ်းများဖြင့် ပြုလုပ်နေပြီး အင်တာနက်ဖြတ်တောက်မှုတွေ၊ ခိုးဆိုးလုနှိုက်တွေ၊ ဘာသာရေးကတိကရုန်းတွေကိုလည်း ဖန်တီးနေကြတာကြောင့် ပြည်သူတွေအနေဖြင့် သတိကြီးစွာ အရေးတော်ပုံကို ဆင်နွဲနေကြပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့က လက်ရှိအာဏာသိမ်းစစ်အစိုးရကို ပြည်တွင်းနဲ့နိုင်ငံတကာနည်းတူ အသိအမှတ်မပြုကြောင်း ပြောဆိုပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အကြမ်းဖက်ခြင်းမရှိ ဆန္ဒထုတ်ဖော်နေတဲ့ လူထုကို အကြမ်းဖက်တဲ့နည်းလမ်းများဖြင့် ဖြိုခွင်း ဖမ်းဆီးမှုတွေနဲ့ CDM လှုပ်ရှားမှုတွင် ပါဝင်တဲ့နိုင်ငံဝန်ထမ်းများကို လိုက်လံဖမ်းဆီးတာတွေကို တွင်တွင်ကျယ်ကျယ်လုပ်နေပါတယ်။

Leave a Reply

*