အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ဝိုင်းမော်မြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ ၅၈ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးတဝိုက်ကျေးရွာဘက် ယခုရက်ပိုင်းအတွင်း ညစဉ်ညတိုင်း ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်လာတာကြောင့် လဘန်ကျေးရွာနဲ့ အခြားကျေးရွာ ၃ ရွာရှိ ဒေသခံပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်ရှိနေပြီဖြစ်ကာ အချို့က တစ်ပတ်တိတိရောက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

“အများစုကတော့ မဒိန်၊ တန်ဘောင်၊ ခကွမ်၊ လဘန်ကထောင်ကျေးရွာတွေက ဖြစ်ကြပါတယ်၊ အသက်ကြီးပိုင်းတွေကတော့ မပြန်တော့ဘူး၊ သက်လတ်ပိုင်းတွေကတော့ မနက်ဆိုရင် မိမိကျေးရွာပြန်ပြီး ညကျရင် ဒီမှာပြန်လာအိမ်ကြတယ်” လို့ လက်ရှိထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများရဲ့ နေအိမ်အချို့ ပျက်စီးသွားခဲ့ရသလို မွေးမြူထားတဲ့ တိရစ္ဆာန်များလည်း ကျည်ထိပြီး သေဆုံးခဲ့ရမှုတွလည်းများစွာ ရှိနေပြီပဲ ဖြစ်ပါတယ်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က သူတို့တပ်စွဲထားတဲ့ တပ်စခန်းအနီးဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့အပြင် ဘူးဂါးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ဝိုင်းမော်ရုံးခွဲရှိ ဝန်ထမ်း ၆ ဦးကိုလည်း ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးသွားကြောင်း သိရပါတယ်။

Leave a Reply

*