အာဏာသိမ်းစစ်တပ် ခလရ ၇၄ မှ လူငယ် ၁၉ ဦးကို ဖမ်းဆီး

မိုးကောင်းမြို့နယ် အုပ်ကျင်းကျေးရွာရှိ လယ်တောတွင် အာဏာသိမ်းစစ်တပ် တကခ ၃ နဲ့ ခလရ ၇၄တပ်က လူငယ် ၁၉ ဦးကို ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ်များက ကဝါးယန်ကျေးရွာတွင် ဖွင့်လှစ်ထားတဲ့ လူမျိုးဘာသာ မခွဲခြားပဲ မူးယစ်ဆေးဝါးဖျက်ပေးနေတဲ့နေရာကနေ ထွက်ပြေးသွားတဲ့ လူငယ် ၁၉ ဦးဖြစ်ကာ အုပ်ကျင်းကျေးရွာ လယ်တောဘက်လမ်းလျောက်လာစဉ် အာဏာသိမ်းစစ်တပ်က ဝိုင်းဝန်းပြီး ဒူးထောက်လက်မြောက်စေကာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

“အဲ့ဒီမှာ လယ်လုပ်နေတဲ့သူတွေက ကေအိုင်အေစစ်သားတွေလိုက်ဖမ်းနေတယ်ဆိုပြီး စရဖနဲ့ပြည်သူ့စစ်တွေကို ဖုန်းဆက်အကြောင်းကြားလိုက်တာ ဟိုဘက်ကအဲ့သတင်းကြားတော့ မိုးကောင်း တကခ ၃နဲ့ ခလရ ၇၄ တပ်က စစ်ဝတ်စုံရော အရပ်ဝတ်တွေလာပြီး ဝိုင်းထားပြီးတော့ ဖမ်းကြတာ” လို့ မိုးကောင်းဒေသခံတစ်ဦးကပြောပါတယ်။

မူးယစ်ဆေးဝါးဖျက်နေရာမှ ထွက်ပြေးလာပြီး ခလရ ၇၄ တပ်မှ ဖမ်းဆီးသွားတဲ့ လူငယ်အများစုက အသက် ၂၀ ဝန်းကျင် အရွယ်များဖြစ်ကာ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရှိရသေးပါဘူး။

Leave a Reply

*