အာဏာသိမ်းစစ်တပ် ခလရ (၅၈)ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ဝိုင်းမော်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၅၈) မှ ယနေ့ ညနေပိုင်း ၅ နာရီခွဲခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်မှတ်မရှိ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဈေးဝယ်အပြန် အမျိုးသမီးတစ်ဦး လက်နက်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ခလရ (၅၈) ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအမျိုးသမီးက ဝိုင်းမော် ဝူယန်ငေါ့ချန်းရပ်ကွက် ၂ တွင် နေထိုင်တဲ့ ဦးပိုင်းဖြိုးကျော်ရဲ့ ဇနီး ဒေါ်ဆောင်ပြုံး (အသက် ၃၃ နှစ်) ဖြစ်ကာ အမျိုးသားနဲ့အတူ ဆိုင်ကယ်စီးပြီး ပြန်လာချိန် အာဏာသိမ်းစစ်တပ်မှ ပစ်ခတ်လိုက်တဲ့ ကျည်ဆည်ထိမှန်ပြီး ခန္ဓာကိုယ်ထုတ်ခြင်းပေါက်ဖြင့် ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးခဲ့ရသူ ဒေါ်ဆောင်ပြုံးရဲ့ ရုပ်အလောင်းကို ဝိုင်းမော်ဆေးရုံကြီးဘက် ပို့ဆောင်ထားခဲ့ကာ အလောင်းကိုပြန်ပေးခြင်းမရှိပဲ မနက်ဖြန် ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီ သူဂြိုလ်မှာဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ဖွဲ့က ဇူလိုင်လကတည်းက ညစဉ်ညတိုင်းလိုလို လက်နက်ကြီး လက်နက်ငယ် ဘေးပတ်ဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာအချို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ်ပျက်စီးခြင်း အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရမှုတွေရှိသလို ဒေသခံအချို့ကလည်း ညအချိန် နေရာပြောင်း တိမ်းရှောင်နေကြရပြီး ဖမ်းဆီးခံရမှုတွေလည်းရှိခဲ့ကာ လက်ရှိမှာတော့ အပြစ်မဲ့ပြည်သူ သေဆုံးတဲ့အထိ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Leave a Reply

*