အာဏာသိမ်းစစ်တပ် ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၁၄၂) အဖွဲ့နဲ့ ကျေးရွာရှိဆေးရုံအနီးတပ်စွဲနေရာယူနေတဲ့ တပ်မ (၈၈) အဖွဲ့က ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ကျေးရွာအတွင် လက်နက်ကြီးပစ်ခတ်လိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ်မွေးတိရစ္ဆာန်သေဆုံးရမှု ရှိခဲ့ပါတယ်။

အကြမ်းဖက်အုပ်စု စစ်ကောင်စီအဖွဲ့ရဲ့ ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်မှုတွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ရပ်ကွက် (၃) နေ ဦးခင်မောင်ညွန့် ရဲ့နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လက်တွင်မိုင်းစထိမှန်ခဲ့ကာ မွေးမြူထားတဲ့ နွား ၄ ကောင်သေဆုံးသွားပြီး တစ်ကောင်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ယမန်နေ့ညမှာပင် ကုန်းလောကျေးရွာရှိ နေအိမ်တစ်လုံးတွင်လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်းကြောင့် ကားမှန်နဲ့ နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။

ဒေါ့ဖုန်းယန်တွင် တပ်စွဲထားတဲ့ အာာဏာသိမ်းစစ်တပ်အဖွဲ့က ဇွန်လကစတင်ပြီး ကျေးရွာအနီးဝန်းကျင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

Leave a Reply

*