အာဏာသိမ်းစစ်တပ်အဖွဲ့မှ ပြည်သူများရဲ့ မြေနေရာများကို အဓမ္မသိမ်းဆည်း

ဗန်းမော်ခရိုင် မန်ဂျယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများရဲ့ မြေဧက (၆၁၀) ကို ယခုနှစ်တွင် လယ်ယာစိုက်ပျိုးခြင်းလုံးဝ မလုပ်ဆောင်နိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့များက လာရောက်ပြောဆို ခြိမ်းခြောက်ခဲ့ကြပါတယ်။

“မန်ဂျယ်ကျေးရွာအုပ်စု ဂါးရာယန်ကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ (၆၀၁) က စစ်ဗိုလ်တစ်ဦးက မန်ဂျယ်အုပ်ချုပ်ရေးတွေကို ခေါ်ယူပြီး ဒီနှစ်ကစပြီး လယ်ယာမြေစိုက်ပျိုးခြင်းလုံးဝမပြုလုပ်ဖို့ ပြောဆိုခဲ့တာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဂါးရာယန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၆၀၁) နဲ့ (၃၀၁) ရှိ စစ်ဗိုလ်များနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံ အိမ်ထောင်စု (၁၅) စုကို ခေါ်ယူပြီးတွေ့ဆုံစဉ် ဒေသခံများလယ်ယာစိုက်ပျိုးနေတဲ့ နေရာများကို စစ်တပ်ဝန်းအဖြစ်တပ်မှတ်မှာဖြစ်တာကြောင့် စပါးရိတ်သိမ်းပြီးနောက်ပိုင်း လုံးဝပြန်လည်စိုက်ပျိုးခြင်းမလုပ်ဖို့ပြောဆိုလာကာ ဒေသခံများရဲ့ လယ်ယာမြေများကို ငွေကြေးတစ်စုံတစ်ရာဖြင့် ဝယ်ယူခြင်းလည်းမဟုတ်ပဲ စစ်တပ်နယ်မြေအဖြစ်သတ်မှတ်နိုင်ဖို့ ဒေသခံများကို လက်မှတ်ရေးထိုးခိုင်းခြင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များမှ ဒေသခံများရဲ့ လယ်ယာမြေများပေါ်တွင် စိုက်ပျိုးခြင်းလုံးဝမပြုလုပ်ဖို့ ပြောဆိုတဲ့နှစ်ကစတင်ပြီး အကြိမ်ကြိမ်ပြောဆိုကာ စစ်တပ်နေရာအဖြစ်သတ်မှတ်ခံထားရတဲ့ မန်ဂျယ်ကျေးရွာအုပ်စုအတွင်းရှိ ဂါးရာယန်ကျေးရွာ၊ နမ့်မဖွယ်ကျေးရွာနဲ့ မိတုန်ကျေးရွာရှိ ဒေသခံအိမ်ထောင်စု (၁၅) စုမှ လက်ရှိအချိန်ထိ သဘောတူကြောင်း လက်မှတ်ရေးထိုးပေးခြင်းမရှိသေးပါဘူး။

Leave a Reply

*