အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ဖားကန့်လမ်းပိုင်း နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စု ခလရ (၁၂) မှ ယနေ့ ဇူလိုင် ၁၅ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် ကျေးရွာရှိရာနေရာဘက် လက်နက်ကြီးပစ်ခတ်လိုက်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီး ၈ ကြိမ် ရမ်းသမ်းပစ်ခတ်လိုက်ခြင်းကြောင့် ဆိုင်ဖရာကျေးရွာရှိ ဒေသခံတစ်ဦးနေအိမ်ဝန်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ်တွင်မွေးမြူထားတဲ့ ကြက်နဲ့ ဝက်တွေလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကျည်ထိမှန် ဒဏ်ရာရရှိသူထဲမှ တစ်ဦးကတော့ အသက် ၉ နှစ်အရွယ် ကလေးမလေးဖြစ်ကာ ပေါင်တွင် မိုင်းစထိမှန်သွားခဲ့ကာ ကျန် ၅ ဦးကတော့ ခြေ၊ လက်၊ မျက်နှာ၊ ကျောဘက်တွေမှာ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်အဖွဲ့က မနက် ၁၀ အချိန်ထိ ပစ်မှတ်မရှိ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ဒေသခံများထဲမှ သိရပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူများကို ဆိုင်ဖရာဘုရားကျောင်းဝင်းနဲ့ စာသင်ကျောင်းတွင် ထားရှိထားကာ ဒေသခံများတာဝန်ယူပြီး တတ်နိုင်တဲ့နည်းလမ်းများဖြင့် ဆေးဝါးကုသမှုပေးနေကာ ကုသဖို့ဆေးဝါးနဲ့အသုံးအဆောင်အချို့ လိုအပ်ချက်ရှိနေကြောင်း ပြောဆိုကြပါတယ်။

ယနေ့ မနက် ၉ နာရီခွဲခန့်တွင် ခွန်ဆိုင်ဇွပ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နန့်ယားရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်ပစ်ခတ်ချိန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

*