ဖားကန့်လမ်းပိုင်း နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၁၂) တပ်မှ ယနေ့ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်း ၁ နာရီခန့်တွင် ကျေးရွာအနီးဘက် လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

ထိုသို့ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လိုက်စဉ် ခွမ်ဆိုင်ကျေးရွာ ဘုရားကျောင်းဝင်းနဲ့ ဒေသခံပြည်သူတစ်ဦးရဲ့ ခြံဝင်းထဲ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ဒေသခံပြည်သူများ ရှောင်တိမ်းနေရတာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။
ခွမ်ဆိုင်းကျေးရွာ နှစ်ခြင်းဘုရားကျောင်း ဆုတောင်း တောင်ပေါ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူနေထိုင်နေပြီး ဒေသခံပြည်သူများရဲ့ နေအိမ်အချို့တွင် ရှာဖွေကာ စားသောက်ဖွယ်ရာနဲ့ ပစ္စည်းအချို့ ယူဆောင်ခိုးယူသွားကြောင်းလည်း သိရပါတယ်။
ဖားကန့်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေ ယခုရက်ပိုင်းဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အနီးတဝိုက်ရှိဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။