အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ်ကလေးနဲ့ ၄ ဦး ဒဏ်ရာရ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လွယ်မောက်နဲ့ တုံဟုံးကျေးရွာကြား စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က ပြည်သူလူထုတွေတည်ရှိနေတဲ့ နေရာအနီးဝန်းကျင်ဘက် လက်နက်ငယ်များဖြင့် ၁၀ မိနစ်ကြာ တရစပ်ပစ်ခတ်ချိန် အနီးတွင်ရှိနေတဲ့ လယ်ယာလုပ်ကိုင်နေသူ ပြည်သူလေးဦးနဲ့ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အင်အား (၁၀၀) ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်များက ဇူလိုင်လ ၂ ရက်နေ့ ၉ နာရီခွဲခန့်တွင် ထိုကျေးရွာအနီးဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် မန်ဆိုင်းလမ်းဆုံတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း (၁၉) အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး အာဏာသိမ်းစစ်တပ်အဖွဲ့က ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်က ဒဏ်ရာစိုးရိမ်ရတာကြောင့် မြစ်ကြီးနားဆေးရုံကြီးဘက် ပို့ဆောင်ထားကာ ကျန်လေးဦးကိုတော့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပါတယ်။

ထို့ပြင် ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း ကားမိုင်းမြို့နယ် နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်မ (၃၃) လက်အောက်ရှိ ခလရ (၁၂) တပ်ဖွဲ့က ကျေးရွာအနီးဝန်းကျင်ဘက် ၁၀၅-မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်အနီးကျရောက်ပေါက်ကွဲမှု ရှိခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်က ပြည်သူတွေရှိတဲ့ ကျေးရွာအနီးဝန်းကျင်ဘက် ပစ်မှတ်မရှိ လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးရမှုတွေအထိ ရှိနေသလို နေအိမ်ပျက်စီးသွားခဲ့ရမှုတွေကလည်း များစွာရှိနေကြောင်း သိရပါတယ်။

Leave a Reply

*