အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ (မေ ၂၀ရက်) ညနေ ၉နာရီအချိန်ကနေ ၁၁ နာရီထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာကြောင့် ထိုအနီးဝန်းကျင်ရှိ လူနေအိမ် (၇) အိမ်ခန့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်မှ ယခုလို လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကုန်းလောကျေးရွာရှိ လူနေအိမ် (၆) လုံး ထိခိုက်ပျက်စီးသွားကာ မြို့သစ်ကျေးရွာမှာလည်း လူနေအိမ်တစ်အိမ် မီးလောင်ပျက်စီးခဲ့ပေမယ့် ဒေသခံပြည်သူအများစုက တိမ်းရှောင်ထားတာကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း ရှိမရှိ အသေးစိတ်မသိရှိရသေးပါဘူး။

ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား စလောင်းကုန်း၊ အလော့ဘွမ် တလွှား ယခင်လကစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ထိုအနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နွမ်လန်ကျေးရွာ ပြည်သူ ၂၀၀၀ ကျော်က ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ထို့အပြင် ဖားကန့်မြို့နယ် တနိုင်း-လီဒိုလမ်းပေါ်ရှိ ရှထူးဇွပ်ကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကလည်း ယမန်နေ့က ကျေးရွာအနီး လက်နက်ကြီး ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။

Leave a Reply

*