အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တအာန်းဒေသခံတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မုံကိုးမြို့နယ် ဇောင်ဘုံးကျေးရွာအုပ်စု ဟူဒေါက်တောင်တွင် မတ်လ ၂၂ ရက်နေ့တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် ခလရ (၂၈၇) မှ တပ်အင်အား ၁၀၀ ကျော်ဖြင့် ကေအိုင်အေ တပ်စွဲထားရာနယ်မြေဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတာကြောင့် ကေအိုင်အေ တပ်ရင်း (၃၆) နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ရှေ့တန်းရောက်နေသူ တစ်ဦးကပြောပါတယ်။

နှစ်ဖက်စစ်ဖြစ်ပွားလာတာကြောင့် အာဏာသိမ်းစစ်တပ်မှ ဟူဒေါက်ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ကြံစိုက်ခင်းတွင် အလုပ်လုပ်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“စစ်ဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ကြံစိုက်ခင်းဘက်ကို သူတို့ပစ်ခတ်လိုက်တာကြောင့် ကြံစိုက်ခင်းလုပ်ငန်းခွင်ဝင်နေတဲ့ တအာန်းအမျိုးသမီးတစ်ဦး ပေါင်ရင်းမှာ ဒဏ်ရာရရှိခဲ့တာ အခုတော့ ဆေးရုံဘက်ပို့လိုက်ပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၂၁ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃) နဲ့ ဆဒုံ့မြို့ အင်ဝမ်ကောင်စာသင်ကျောင်းကုန်းတွင် အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီတပ်များနဲ့ ကေအိုင်အေကြား ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားမှုတွေ သျှမ်းပြည်မြောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ကချင်ပြည်နယ်ထဲမှာတော့ မတ်လ ကစတင်ပြီး နေရာကွက်ကြား တိုက်ပွဲဖြစ်ပွားတောပဲဖြစ်ပါတယ်။

Leave a Reply

*