အာဏာသိမ်းစစ်တပ်ရဲ့ ဖားကန့်မြို့နယ်ရှိ တပ်စခန်းတစ်ခုကို ကေအိုင်အေ တိုက်ခိုက်

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ဝေဟုန်းမှော်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတစ်ခုကို ယနေ့မနက် သုံးနာရီခွဲအချိန်ခန့်တွင် ကေအိုင်အေမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ တပ်စခန်းရှင်းလင်းပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါတယ်။

ဆယ်ဇင်းကျေးရွာက ကချင်ပြည်နယ်အတွင်းတည်ရှိတာဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့နီးစပ်တဲ့ကျေးရွာဖြစ်ကာ အာဏာသိမ်းစစ်တပ် တပ်မ (၃၃) လက်အောက်ရှိ ခလရ (၁၁၉) နဲ့ ကေအိုင်အေ တပ်ရင်း (၂၆) တို့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကာ မနက် ကိုးနာရီခွဲအချိန်ခန့်မှာတော့ စစ်လေယာဉ် နှစ်စီးဖြင့် တပ်ရင်း (၂၆)နေရာကို လာရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကေအိုင်အေတပ်သားတစ်ဦးကပြောပါတယ်။

ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွင် နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့သလို စာရင်းအတိအကျတော့ မသိရှိရသေးကာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်မှ တာမခံကျေးရွာဘက်တွင် စစ်အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ထို့အပြင် မနက် ၉ နာရီခန့်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ နမ့်ဖက်ကာအနီးတွင် တပ်စွဲထားတဲ့ မြန်မာစစ်တပ် တပ်မ(၉၉) လက်အောက်ရှိ ခလရ (၁၂၃) က ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်စဉ် မိုင်းနင်းမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ကချင်ပြည်နယ်အတွင်း အချိန်အတော်အတန်ကြာ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သလို အာဏာရှင်စနစ်ကို သပိတ်မှောက်တဲ့ မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်တပ်မှ အင်အားသုံးဖြိုခွဲ ကျည်အစစ်များဖြင့် ပစ်ခတ်မှုတွေကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် သုံးရက်အကြာတွင် ယခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကေအိုင်အိုအဖွဲ့အနေဖြင့် ပြည်သူများနဲ့တစ်သားတည်းရှိကြောင်း၊ ပြည်သူများနဲ့အတူရပ်တည်သလို CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောဆိုထားကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)  လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

*