မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု လမုန်ဇွပ်နဲ့ ဂေါ့နန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်မှ တန်ဖရဲကျေးရွာဘက်ကနေ စစ်ရေးလှုပ်ရှားလာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၁) မှ ဇွန်လ ၁၃ ရက်နေ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် လက်နက်ခဲယမ်းများ၊ ရိက္ခာများ ဖြည့်တင်းမှုတွေကို စဉ်ဆက်မပျက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်အနေဖြင့် ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရခြင်းဖြစ်ကာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ထိုနေ့မှာပင် ဗန်းမော်ခရိုင် မန်ဂျယ်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၃၁၉) တပ်က ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁) နယ်မြေ ဂျန်မိုင်၊ ဖရီထဘွမ်အနီးဝန်းကျင်ဘက် ၁၀၅-မမ လက်နက်ကြီးဖြင့် ၇ ကြိမ်ထက်မနည်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကေအိုင်အေဘက်မှ ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ညနေ ၉ နာရီအချိန်မှာတော့ ကေအိုင်အေ ဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း (၁၉)တည်ရှိရာ နေရာဘက်ကို အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၁၄၂) မှ Kagam ဘက် ၈၁-မမ လက်နက်ဖြင့် ၂ ကြိမ်ပစ်ခတ်မှုရှိခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။