အာဏာသိမ်းစစ်တပ်မှ ၉ ဦးသေဆုံး လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း ကိုးကန့် MNDAA ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့က ကိုးကန့် MNDAA တပ်နဲ့ စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများတွင် စစ်ကောင်စီ တပ်မ ၉၉ မှ တပ်သား ၉ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၆ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် ကွတ်ခိုင်မြို့ နာဝိုင်းအနီးတွင် ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုလိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ထို့ပြင် မေလ ၃၁ ရက်နေ့တုန်းကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ အာဏာသိမ်းစစ်တပ် ခလရ (၁၂၃) တပ်စခန်းနဲ့ နေရာ ၂ ခုကို AA၊ TNLA၊ MNDAA ပူးပေါင်းထားတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထွက်ပြေးပျောက်ဆုံးခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများမှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အပါအဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနဲ့လည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။

Leave a Reply

*