ကချင်ပြည်နယ် ဟူးကောင်းဒေသ ဒရူကျေးရွာအနီးဘက် အာဏာသိမ်းစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့အရပ်သား ဒေသခံတစ်ဦး ဗုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄) ဒေသဘက်ကို မြစ်ကြီးနားလေဆိပ်မှ အာဏာသိမ်းစစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် ဒရူကျေးရွာအနီး ဗုံး ၈ လုံး လာရောက် ဗုံးကြဲတိုက်ခိုက်စဉ် ဦးမောင်လွင် နေအိမ်တွင် ကျရောက်တာကြောင့် ဇနီးဖြစ်သူ ဒေါ်နေနိုင်မိုး (အသက်- ၄၃နှစ်) ဗုံးစထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် သေဆုံးခဲ့ရသလို အိမ်ရှာင် ဦးမောင်လွင်ကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သူပိုင်ဆိုင်တဲ့ ရွေဆိုင်လည်း ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ထို့ပြင် အာဏာသိမ်းစစ်တပ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင်လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၈ လုံး နောက်ထပ်တကြိမ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဟူးကောင်းဒေသ ဒရူကျေးရွာက မှော်ဒေသဖြစ်တာကြောင့် သွားလာရေးခက်ခဲတဲ့ဒေသဖြစ်ကာ ဖုန်းလိုင်း အင်တာနက်လိုင်းမရှိတာကြောင့် အချိန်နဲ့တပြေးညီ ပေးပို့နိုင်ဖို့ အခက်အခဲရှိကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
အာဏာသိမ်းစစ်တပ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) ဒေသဘက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်ပြီး လက်နက်ကြီးများဖြင့်လည်း တိုက်ခိုက်မှုတွေ နေ့စဉ်နေ့တိုင်းလိုလို လုပ်ဆောင်တာကြောင့် ကျေးရွာအနီး ဗုံးကျည်ကျရောက်ပြီး အပြစ်မဲ့ပြည်သူ သေဆုံးရမှုတွေ၊ စာသင်ကျောင်း မီးလောင်ပျက်စီးမှုတွေလည်း ဖြစ်ပွားနေပါတယ်။