ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်တံတားထိပ် စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) မှ ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့အပြီး အာဏာသိမ်းစစ်တပ်မှ နေရာ ၇ ခုတွင် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်မှုမရှိကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

စုပေါင်းဂိတ်တိုက်ခိုက်မှုအပြီးတွင် ဘွမ်ရယ်ဘွမ်၊ ခယာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမတ (၃၇၂) တပ်က ညနေ ၉ နာရီခွဲတွင် စင်ရုဘွမ်၊ ဝေကြိုင်ဘွမ်အနီးတဝိုက် ၁၂၀-မမ လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ထိုအချိန်မှာပင် ဂဂမ်ဘွမ်တွင် ရှိတဲ့ အာဏာသိမ်းစစ်တပ် အမတ (၃၆၃) တပ်ကလည်း ဂျာထကျေးရွာဘက် ၁၂၀-မမ ဖြင့် ၂ ကြိမ်ပစ်ခတ်ကာ အူဂါရှန်ရှိ စစ်ကောင်စီတပ်ကလည်း ဂျန်မိုင်ကောင်ဘက် ၈၁-မမ ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြပါတယ်။
ရှန်ကောင်ဘွမ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ၁၂၀-မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လိုက်တဲ့ ကျည်တစ်ခု မဂါယန်စစ်ဘေးရှောင်အနီးကျရောက်သလို တွမ်ဘရန်အိမ်တွင် တစ်ခု၊ ဖာ့လပ်ဘွမ်အနီးမှာတော့ ၄ လုံး ကျရောက်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ယမန်နေ့ည ၉နာရီ ၄၈ မိနစ်ခန့်မှာတော့ ကေအိုင်အေ တပ်ရင်း (၁၅) ဒေသဖြစ်တဲ့ ယော်ယုန်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမတ (၃၇၀)က မုဘွမ်တဝိုက် ၁၂၀-မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်မှု ရှိခဲ့ကာ ဒေါ့ဖုန်းယန် Hkang Kai တောင်တွင် ရှိတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က ကေအိုင်အေ တပ်ရင်း (၁၉) နယ်မြေဘက် ၁၀၅-မမ ဖြင့် ၆ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။