စိန်လုံတောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ အနီးတဝိုက်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်မှတ်မရှိ ရန်းသမ်းပစ်ခတ်လာတာကြောင့် စိန်လုံကျေးရွာနဲ့အနီးတဝိုက်ကျေးရွာများမှ ပြည်သူများက ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေပါတယ်။
မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်လာတာကြောင့် စိန်လုံကျေးရွာမှ အိမ်ထောင်စု ၃၀ ကျော် မိုးမောက်ကျေးရွာတွင် ဖွင့်လှစ်ထားတဲ့ စိန်လုံသာသနာဘော်ဒါကျောင်းဘက်ကို မတ်လ ၂၆ ရက်နေ့က တိမ်းရှောင်ဖို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရပါတယ်။
“စစ်ဘေးရှောင်လာတာ ၁၀ နှစ်ရှိနေပါပြီ စစ်ဘေးပဲ ရှောင်နေရတော့ စခန်းမှာတော့မနေချင်လာတော့ပါဘူး၊ စိတ်ပျက်မိတယ်၊ အနာဂတ်တိုးတက်ဖို့ ကလေးများရဲ့ ပညာရေးအားလုံးက အမှောင်ဖုံးလွမ်းနေတာပါပဲ၊ အဲ့ဒါကြောင့် အိမ်ပြန်စို့ဆိုပြီး ကိုယ့်နေရပ်ပြန်လည် တည်ဆောက်ဖို့ ပြန်သွားတော့လည်း အခုလိုစစ်ပြန်ဖြစ်လာဖို့ရှိနေတော့ ကျမတို့အတွက် ပိုပြီးစိတ်ပျက်စရာဖြစ်ပြီး ဘာမှကိုမစဉ်းစားနိုင်တော့ပါဘူး” လို့ ပြန်လည် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးကပြောပါတယ်။
စိန်လုံကျေးရွာနဲ့ အနီးရှိကျေးရွာဒေသခံများက ၂၀၁၁ ခုနှစ် ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား တကျော့ပြန်စစ်ဖြစ်လာချိန် ဗန်းမော်၊ မိုးမောက်၊ အင်ခေါင်ပါ၊ ပါကထောင်၊ လွယ်ဂျယ် စတဲ့ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ကာ အသက်မွေးဝမ်းကြောင်းအတွက် မိမိနေရပ်ဒေသကို ပြန်အခြေချနေသူများဖြစ်ပြီး ယခုတကြိမ်ပြန်လည် စစ်ဘေးရှောင်နေရတာပါ။