ကားမိုင်းမြို့နယ်မှာ ကေအိုင်အေ တပ်မဟာ (၉)နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကားမိုင်းမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီးများဖြင့် ပစ်မှတ်မရှိ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။
ယမန်နေ့ မတ်လ ၁၂ ရက်နေ့က နမ့်ဟိုင်တောင်တွင် အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ မြန်မာစစ်တပ်ဘက်မှ လေယာဉ်အကူပစ်ခတ်ခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာဒေသခံများ စိုးရိမ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သလို အသက်ကြီးသူများကတော့ ဘုရားကျောင်းဝင်းတွင် တိမ်းရှောင်နေဆဲဖြစ်ပါတယ်။
“လက်ရှိဒေသခံတွေကို တိုက်ရိုက်ဒုက္ခပေးတာတော့မရှိသေးဘူး၊ အခုရောက်လာသူတွေ ကောင်းကောင်းနေကြပါလို့တော့ပြေတယ်၊ ကျတော်တို့ပြည်သူတွေက တောထွက်ပြီး ရှာဖွေစားသောက်တာတွေ၊ လယ်ယာသွားခြင်း၊ တောင်ယာခုပ်ခြင်းတွေလုပ်ဆောင်တာဆိုတော့ မြန်မာစစ်တပ်ရှိတဲ့ တောင်ဘက်ကိုတော့ လုံးဝမလာဖို့ ပြောထားတာတော့ရှိတယ်” လို့ နမ့်ဟိုင်ဒေသခံတစ်ဦးကပြောပါတယ်။
ကားမိုင်းဗျူဟာကုန်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ အနီးတဝိုက်ဘက် လက်နက်ကြီးငယ်ပစ်ဖောက်မှုတွေပြုလုပ်သလို ယနေ့ မတ်လ ၁၃ ရက်နေ့မှာလည်း နန့်ယားကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်များက လက်နက်ငယ်ဖြင့် အချက် ၃၀ ဝန်းကျင်ပစ်ခတ်သလို လက်နက်ကြီးဖြင့် ၄ ကြိမ်မျှ ပစ်ခတ်တာတွေလုပ်ဆောင်လာတာကြောင့် အနီးဝန်းကျင်ရှိဒေသခံများကတော့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကြရပါတယ်။
မတ်လ ၁၁ ရက်နေ့မှာလည်း ဆယ်ဇင်းကျေးရွာမှာ မြန်မာစစ်တပ် ခမရ (၁၁၉) နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တာမခံတွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဆယ်ဇင်းကျေးရွာ၊ တာမခံကျေးရွာအနီးတဝိုက် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသလို မိုးကောင်းမြို့တဝိုက်မှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေက ကချင်ပြည်နယ်အပြင် သျှမ်းပြည်မြောက်ပိုင်းမှာလည်း ဖေဖော်ဝါရီလကတည်းက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေဆဲဖြစ်ပါတယ်။