အာဏာသိမ်းစစ်တပ်မှ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို တာလွန်အင်အားဖြင့် လက်နက်ကြီး လက်နက်ငယ် လေကြောင်းစစ်ကူများဖြင့် တိုက်ခိုက်လာသလို မင်းတပ်ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုလာခြင်းကြောင့် မြို့တွင်းတိုက်ပွဲကို မေလ ၁၅ ရက်နေ့က နောက်ဆုတ်ပေးခဲ့ပါတယ်။

မင်းတပ်မြို့တွင် မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများ မရှိတော့ပေမယ့် မြို့အနောက်ပိုင်း မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲ ပြင်ထန်နေဆဲဖြစ်ကာ မေလ ၁၂ ရက်နေ့က မတူပီကနေ စစ်ကား (၆) စီးဖြင့် စစ်ကောင်စီတပ်များ ဆင်းလာစဉ် လမ်းခုလတ်တွင် ဖြတ်တိုက်ခံလိုက်ရမှုတွေရှိခဲ့ကာ မေလ ၁၅ ရက်နေ့မှာလည်း မတူပီဗျူဟာကုန်းမှ စစ်ကား (၇) စီး စစ်ကူအဖြစ် ထပ်မံပေးပို့ခဲ့တာပါ။
ထို့ကြောင့် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်းပိုင်း ၁၆ မိုင်တွင် စစ်ကောင်စီတပ်များက ပုခုံးထမ်းလောင်ချာများ လက်နက်ကြီးများဖြင့် မီးကုန်ရမ်းကုန်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းကုန်ဆုံးချိန် စစ်ကူပြန်လည်တောင်းခံခဲ့မှု ရှိခဲ့ကြောင်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ မေလ ၁၇ ရက်နေ့ မိုင် ၃၀နဲ့ ၄၀ ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်အသုံးပြုခဲ့သော လက်နက်ကြီးများက ယခင်အချိန်နဲ့မတူညီပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က တစ်စုံတစ်ရာ ကျည်ထိမှန်ခြင်း လက်နက်ကြီးကျည်ထိမှန်ခြင်းမရှိပဲ မူးဝေခြင်း အော့အန်ခြင်းနဲ့ အင်အားချိနဲ့မှုတွေ ဖြစ်ပွားတာကြောင့် ဓာတုလက်နက်အသုံးပြုဖွယ် သံသယရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။
လက်ရှိအချိန်တွင် မင်းတပ်မြို့ ပြည်သူများက စစ်ကောင်စီရဲ့ မြို့တွင်း ပရမ်းပတာပစ်ခတ် ဖမ်းဆီး ရိုက်နှက်တာတွေ လူမဆန်စွာ ပြုလုပ်နေတာကြောင့် တောတောင်နေရာအသီးသီးဘက် ထွက်ပြေးတိမ်းရှောင်နေကြရသလို မိုးသက်လေပြင်းတိုက်ခိုက်မှုနဲ့ပါ ကြုံတွေနေကြရပါတယ်။