အာဏာသိမ်းစစ်တပ်မှ ဘာသာရေးကျောင်းနဲ့ စစ်ဘေးရှောင်စခန်းများကို စစ်ဆေး

အာဏာသိမ်းစစ်ကောင်စီတပ်များက ဧပြီ ၃ ရက်နေ့ မိုးညှင်းခရစ်ယာန်အသင်းတော်၊ RCM အသင်းတော်၊ အချို့သောဘာသာရေးအသင်းအဖွဲ့များနဲ့ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။

ယခုလို အာဏာသိမ်းစစ်တပ်မှ မည်သို့သောအကြောင်းပြချက်ဖြင့် ဘာသာရေးကျောင်းဝင်းနဲ့ စစ်ဘေးရှောင်စခန်းများကို ရှာဖွေမှုပြုလုပ်ခြင်းကို မသိရှိရပေမယ့် သတင်းအစအနရရှိခြင်းကြောင့်ဆိုတဲ့ အကြောင်းအပြချက်ဖြင့် ရှာဖွေခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

“မြန်မာစစ်တပ်က ဟိုပင်ဘက်ကလို့သိရတယ် သူတို့ကအနေနဲ့ သတင်းအတိအကျရတဲ့ပုံစံပါပဲ လမ်းမတွေကို အရင်ပိတ်ပင်ပြီး ဝင်ရောက်ရှာဖွေတာတွေလုပ်တယ် အထဲမှာတစ်ခုခုရှိလိမ့်မယ်လို့ သူတို့ကယူဆထားကြတာ ပင်မတံခါးကနေတောင်မဝင်ပြီး ခြံခုံပြီးတော့ကို ဝင်လာကြတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်မှ မိုးညှင်းမြို့ အရှေ့စုရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေပြီး လူငယ် ၅ ဦးကို ဆန္ဒထုတ်ဖော်မှုမှာပါဝင်တယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဘယ်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရှိရသေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားရတဲ့ ပြည်သူ ၅၅၀ အထက်ရှိနေပြီဖြစ်ကာ ဖမ်းဆီးခံထားရသူကလည်း အမြောက်အမြားရှိနေတာပါ။

Leave a Reply

*