ဒေါ့ဖုန်းယန်မြို့ဘေးပတ်ဝန်းကျင် လယ်ယာစိုက်ပျိုးရေးလုပ်ဆောင်နေသူများကို အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၁၄၂) က ဩဂုတ်လ ၇ ရက်နေ့တွင် မိမိနေအိမ်ပြန်ကြဖို့ လာရောက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်အဖွဲ့အနေဖြင့် ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီးများ ပစ်ခတ်မှာဖြစ်တာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ဆောင်နေတဲ့ ဒေသခံများကို အိမ်ပြန်ကြဖို့ ပြောဆိုလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဒေါ့ဖုန်းယန်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၁၄၂) အဖွဲ့နဲ့ တပ်မ ၈၈ တို့က ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီး ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အမြဲလိုလိုပစ်ခတ်မှုလုပ်ဆောင်နေခဲ့တာဖြစ်ပြီး ပစ်မတ်မရှိ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် အနီးရှိ လယ်တောများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။
ထိုဒေသတဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုတွေကို အမြဲလုပ်ဆောင်နေတာဖြစ်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။