ကချင်ပြည်နယ်တလွှား ခရီးသွားလာတဲ့အများပြည်သူများကို လွန်ခဲ့သောအပတ်ကစတင်ပြီး အာဏာသိမ်းစစ်တပ်မှ စစ်ဆေးမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတဲ့အပြင် အပစ်မရှိပဲ ဖမ်းဆီးခံထားရသူ (၆၀) ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ယခင်အပတ်ကတည်းက ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းလုပ်ဆောင်ရာတွင် အဓိကအားဖြင့် လူငယ်များကို စစ်ဆေးဖမ်းဆီးခေါ်ဆောင်သွားခြင်းလုပ်ဆောင်နေကာ၊ မည်သည့်နေရာဘက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုပင်မသိရှိသလို ယခုလိုစစ်ကောင်စီတပ်လုပ်ဆောင်လာခြင်းက ကေအိုင်အေတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက်ပိုင်း ပိုမိုစစ်ဆေးလာတာပဲဖြစ်ပါတယ်။
လက်ရှိမှတော့ တနိုင်း-လီဒိုလမ်းတွင် ဖမ်းဆီးခံထားရသူ အယောက် (၂၀) ကျော်၊ ဖားကန့်လမ်းပိုင်းတွင် အယောက် (၃၀)၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် ၁၀ ဦး ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
အခုတလော ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်းနေရာအချို့တွင် ကေအိုင်အေတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကို နေစဉ့်နေ့တိုင်း ပြုလုပ်နေပါတယ်။