ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နဲ့ အူထန်ယန်ကျေးရွာကြားတွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုမှ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၁၉) အဖွဲ့မှ အသင့်စောင့်ကြိုပြီး တိုက်ခိုက်မှုကို ယမန်နေ့ နေ့လည် ၁၀ နာရီတွင် ဖြစ်ပွားခဲ့ကာ နေ့လည် ၁၁ နာရီမှာတော့ အာဏာသိမ်းစစ်တပ် ခလရ ၁၄၂ တပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို ၁၀၅-မမ လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ကူတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယမန်နေ့ဖြစ်ပွားခဲ့တဲ့ အူထန်ယန်ကျေးရွာအနီးက တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သလို စစ်ကူပေးရမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂ ရက်နေ့ ညနေ ၁၁ နာရီမှာလည်း မိုးမောက်အခြေစိုက် အာဏာသိမ်းစစ်တပ် ခမရ (၄၃၇) တပ်မှ ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက် ၁၂၂-မမ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကာ ဖားကန့်မြို့နယ်မှာလည်း ကံဆီးတွင်အခြေထိုင်ထားတဲ့ စစ်ကောင်စီတပ်မှ ၁၀၅-မမ လက်နက်ကြီးဖြင့် ၄ ကြိမ် တိုင် Myit Hkrum, Min Maw, Ye Sha Maw ကျေးရွာဘက်ကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၂ ရက်နေ့ ညနေ ၁၀ နာရီခွဲတွင် မန်စီမြို့နယ် မဂျီးကုန်းကဘားတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ခအူနဲ့ ဂတ်ရောင်ဘက် ၁၀၅-မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်မှုပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုအဖွဲ့မှ မြေပြင်ထိုးစစ်မပြုလုပ်မှီ လက်နက်ကြီးဖြင့် ပစ်ခတ်တာတွေနဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုတွေကို ယခုတလော ခပ်စိပ်စိပ်ပြုလုပ်လာသလို စစ်အင်အားတိုးချဲ့မှုတွေလည်း အမြဲတစေလုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနိုင်ခြေ ရှိနေသေးကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။