အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေနယ်မြေဘက် လေကြောင်းဖြင့်တိုက်ခိုက်

အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆)နယ်မြေနဲ့ ခြေလျင်တပ်ရင်း (၃၁) နယ်မြေဘက် မေလ ၂၇ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

မိထ္တီလာအခြေစိုက် လေတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့်လာရောက်ပြီး ဗုံး သုံးလုံး ကြဲချခဲ့ကာ စက်သေနတ်များဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ယမန်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ကား ၈ စီးဖြင့် ဗန်းမော်မြို့အနီး ရွှေစီရွာဘက် သွားရောက်နေတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ရှိ အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ထိုနေ့မှာပင် သျှမ်းပြည်မြောက်ပိုင်း နန့်ဖက်ကာမြို့ရှိ နမ့်ဖာလုံနဲ့ဖာဖိတ်အနီးတွင် အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်မတော်ကြား မနက် ၉ နာရီခန့်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေတပ်စခန်းအနီးများတွင တပ်စွဲထားမှုများပြားလာပြီး စစ်အင်အားတိုးချဲ့မှုတွေ လက်နက်ကြီးတပ်ဆင်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်လာကာ လေကြောင်းဖြင့်တိုက်ခိုက်မှုကိုလည်း အမြဲလိုလိုပြုလုပ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေက နေ့စဉ်ဖြစ်ပေါ်နေပါတယ်။

ကေအိုင်အေတပ်မတော်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်တဲ့ ၃ လအတွင်း ကချင်ပြည်တွင် စစ်ဘေးရှောင်ပြည်သူများ တိုးများလာကာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးဖြင့် မဆင်မခြင် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးခြင်းနဲ့ အပြစ်မဲ့ပြည်သူ သေဆုံးရမှုတွေကလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

Leave a Reply

*