အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့နေ

အာဏာသိမ်းစစ်တပ်မှ အခုတလော ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုကို နေ့စဉ်ရက်ဆက် ပြုလုပ်နေကာ ယနေ့တွင်လည်း အင်ဂျန်းယန်မြို့နယ်ဘက် စစ်ယာဉ်တန်းများဖြင့် ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၄) တည်ရှိရာနေရာဘက်ကို စစ်အင်အားဖြည့်တင်းနေကြောင်း သိရပါတယ်။

အင်းဂျန်းယန်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်မတော်နဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ရွှေကူမြို့နယ်မှာလည်း မေလ ၂၅ ရက် ယနေ့တွင် အာဏာသိမ်းစစ်တပ်မှ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများတင်ဆောင်ပြီး သင်္ဘောဖြင့် ဆန်တက်လာခြင်းရှိခဲ့ကြောင်း အခြေအနေအတိအကျကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။

ယမန်နေ့ မေလ ၂၄ ရက် နေ့လည် ၁၁ နာရီအချိန်တွင် ကေအိုင်အေ တပ်ရင်း (၂၅) နဲ့ စစ်ကောင်စီတပ်ကြား မိုးမောက်မြို့နယ် ဆလောင်းကုန်းနဲ့အနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုအချိန်တွင် စစ်ကောင်စီတပ် ခမရ ၃၂၀နဲ့ ခမရ ၃၈၇တပ်တို့မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

ထိုနေ့ရက်မှာပင် ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက် မနက် ၇ နာရီခွဲအချိန်ခန့်တွင် မိုးမောက်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၃၇ မှ ၁၂၂-မမ လက်နက်ကြီးဖြင့် ၅ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကေအိုင်အေ တပ်စခန်းဖြစ်တဲ့ ဂျော်မော်ပို့စ်ကို မနက် ၈ နာရီတွင် ဒါ့ဆိုင်းတွင် တပ်စွဲထားတဲ့ ခလရ ၂၃၇ မှ ၂ ကြိမ်နဲ့ မြို့သစ်တွင် တပ်စွဲထားတဲ့ ခမရ ၃၈၇ တပ်မှ ၃ ကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေတပ်များတည်ရှိနရာဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေ အမြဲဆိုသလို လုပ်ဆောင်နေတာကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာဖို့ ရှိနေသေးကြောင်း ရှေ့တန်းစခန်းမှ သိရပါတယ်။

Leave a Reply

*