အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး နေအိမ်အနီးကျရောက် ပေါက်ကွဲ

ကချင်ပြည်နယ် ကားမိုင်းမြို့နယ် နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်မ (၃၃) လက်အောက်ရှိ ခလရ (၁၂) တပ်ဖွဲ့က ယနေ့ ဇူလိုင် ၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် ကျေးရွာအနီးဝန်းကျင်ဘက် ၁၀၅-မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပါတယ်။

ခြံဝင်းထဲ ကျရောက်ပေါက်ကွဲတဲ့ နေရာတစ်ခု

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဖားကန့်လမ်းပိုင်း ဆိုင်းဖရာကျေးရွာအထက်ပိုင်း ခွမ်ဆိုင်ကျေးရွာရှိ သင်းထောက် ဇယ်နောရဲ့ နေအိမ်ခြံဝင်းထဲ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်သူအိမ်သားများ နေအိမ်အတွင်းမှာ ရှိနေခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းတော့ မရှိကြောင်း သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၁ ရက်နေ့ နေလည် ၁၁ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

အာဏာသိမ်းစစ်တပ်အဖွဲ့က ပစ်မှတ် သတ်မှတ်ချက်မရှိ ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဘာ့ကြောင့်လုပ်ဆောင်နေခြင်းကို အတိအကျမသိရှိပေမယ့် စစ်ကောင်စီတပ်ကို စစ်ကူပေးပို့လာတဲ့ ယာဉ်တန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတဲ့ နောက်ပိုင်း ပိုမိုစိုးရွားစွာ လက်နက်ကြီးပစ်ခတ်မှုတွေကို ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

*